ဇူလိုင်လ ၃၁ ရက် St. Ignatius of Loyola ပွဲနေ့
၁၈ ကြိမ်မြောက် သာမန် တနင်္ဂနွေနေ့ ၂၀၂၂
ပထမကျမ်း။ ဒေသနာကျမ်း ၁း၂၊ ၂း၂၁-၂၃
ဒုတိယကျမ်း။ ကော်လောဆေ ၃း ၁-၅၊၉-၁၁
ဧဝံဂေလိကျမ်း။ ရှင်လုကာ ၁၂း ၁၃-၂၁
ဖာသာရ်စောကော့ကော်(SJ)
Posted by Sr. Sabina Hla Yee Win, ISR
ထိုအခါလူအစုအဝေးထဲမှလူတစ်ယောက်ကဆရာသခင်၊အကျွန်ုပ်ကိုအမွေခွဲဝေပေးပါရန်အကျွန်ုပ်၏အစ်ကိုအားမိန့်ကြားတော်မူပါဟုလျှောက်လေ၏။သို့သော်ကိုယ်တော်ကအချင်းလူ၊မည်သူသည်ငါ့ကိုသင်တို့အတွက်တရားသူကြီး၊သို့မဟုတ်အမွေခွဲဝေသူအဖြစ်ခန့်ထားသနည်းဟုသူ့အားမိန့်တော်မူ၏။ထို့နောက်ကိုယ်တော်ကလောဘစိတ်လွန်ကြူးခြင်းကိုသတိပြု၍ရှောင်ကြဉ်ကြလော့။အကြောင်းမူကားလူ၏အသက်သည်ဥစ္စာဓနကြွယ်ဝခြင်း၌တည်သည်မဟုတ်ဟုသူတို့အားမိန့်တော်မူ၏။
ထို့နောက်ကိုယ်တော်သည်ပုံဥပမာတစ်ခုကိုလည်းသူတို့အားပြောပြတော်မူ၏။တစ်ခါကသူဌေးတစ်ဦး၏လယ်မြေသည်အသီးအနှံများစွာထွက်ရှိသဖြင့်၊သူကငါမည်သို့ပြုရမည်နည်း။အကြောင်းမူကားငါ၏အသီးအနှံများကိုသိုလှောင်၍ငါ၌နေရာမရှိဟုမိမိစိတ်ထဲတွင်ပြောဆိုလျက်နေ၏။ထို့နောက်သူကဤသို့ငါပြုမည်။ငါ၏ကျီများကိုဖြိုဖျက်၍ပိုမိုကြီးမားသောကျီများကိုတည်ဆောက်လျက်ငါ၏အသီးအနှံများနှင့်ဥစ္စာရှိသမျှတို့ကိုငါသိုလှောင်မည်။ငါ၏ဝိညာဉ်ကိုလည်းအိုငါ့ဝိညာဉ်၊သင်၌များပြားသောဥစ္စာပစ္စည်းများကိုနှစ်ပေါင်းများစွာအတွက်သိုလှောင်ထားလျက်ရှိပြီ။စိတ်သက်သာစွာနေ၍သောက်စားလျက်ပျော်ရွှင်စွာနေလော့ဟူ၍ငါဆိုမည်ဟုတွေးတောလေ၏။သို့သော်ဘုရားသခင်ကအသင်လူမိုက်၊ဤည၌သင်၏ဝိညာဉ်ကိုသင့်ထံမှပြန်တောင်းလိမ့်မည်။ထိုအခါသင်စုဆောင်းထားသောအရာများသည်မည်သူ့အတွက်ဖြစ်မည်နည်းဟုသူ့အားမိန့်တော်မူလေ၏။ထို့ကြောင့်မိမိအတွက်ဥစ္စာဘဏ္ဍာများကိုစုဆောင်းသော်လည်းဘုရားသခင်၏ရှေ့တော်မှောက်၌ပြည့်စုံကြွယ်ဝခြင်းမရှိသောသူသည်ဤသူကဲ့သို့ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏။
***ထောက်ရှုချက်***
ခပ်သိမ်းသောအရာတို့သည်အနတ္တဖြစ်ကြ၏။(ဒေသနာကျမ်း၁း၂)အနတ္တဆိုသည်မှာအနှစ်သာရမရှိခြင်း၊ဘာမှအဓိပ္ပါယ်မရှိခြင်းကိုဆိုလိုခြင်းဖြစ်သည်။ဆောလမွန်မင်းကြီးသည်ထိုစကားကိုပြောဆိုခဲ့သူဖြစ်သည်။ဆောလမွန်ကြီးသည်ဘယ်အရာမဆိုဘယ်ချိန်ပဲဖြစ်ဖြစ်ရရှိနိုင်ခဲ့သောသူဖြစ်သည့်လိုတရဘုရင်ကြီးတစ်ပါးပင်ဖြစ်ခဲ့သည်။သူ့၌မင်းသမီးဖြစ်သောမိဖုရားခုနစ်ရာ၊မောင်းမမိဿံကိုယ်လုပ်တော်သုံးရာရှိသောရှင်ဘုရင်ဖြစ်ခဲ့သည်။
အခုခောတ်လူအတော်များများသည်လည်းဆော်လမွန်ဘုရင်ကြီးကဲ့သို့ဖြစ်လာအောင်အပြင်းအထန်ကြိုးစားကြလျက်ရှိသည်ကိုသတိထားမိနိုင်သည်။ဘဝမှာအရာရာကိုလိုတရတဲ့သူလိုနေချင်ကြသောကြောင့်မိမိဘဝ၏အချိန်အတော်တော်များများကိုထိုအရာများကိုပိုင်ဆိုင်နိုင်ဖို့သာကြိုးစားကြသည်။သူတို့၏ဆင်ခြေပေးခြင်းသည်နောင်ကာလမှာကောင်းကောင်းနေကောင်းကောင်းစားသောက်ပြီးအေးအေးလူလူပျော်ပျော်ပါးပါးနေရဖို့ဟုပြောဆိုလေ့ရှိသည်။ထိုလိုချင်တက်မက်မှုဖြင့်ဘဝကိုရုန်းကန်ကြိုးစားနေခြင်းသည်အရူးများသာဖြစ်ကြောင်းထိုလိုချင်တက်မက်မှုများအကြောင်းကိုကောင်းကောင်းသိခဲ့သောဆောလမွန်ဘုရင်ကြီးကအနတ္တဟုပြောလေသည်။
ဒီကနေ့ကျင်းပတဲ့လိုယိုလာမြို့မှစိန့်အီဂနေးရှပ်စ်သည်လည်းလောကရဲ့ဂုဏ်ပကာသနနဲ့စည်းစိမ်တွေဟာသူဘဝအတွက်အမှန်တကယ်ပျော်ရွှင်မှုကိုမပေးနိုင်ကြောင်းသိမြင်ခဲ့သူတစ်ဦးဖြစ်ခဲ့တယ်။သူငယ်စဉ်ဘဝကတည်းကကျင်လည်ခဲ့သောသူရဲကောင်းစစ်သူကြီး၏ဂုဏ်ပကာသနနှင့်ဘုရင်သမီးတော်၏ကိုယ်ရံတော်ဖြစ်ရခြင်းသည်အချည်းအနှီး အနတ္တသက်သက်သာဖြစ်ခဲ့သည်ကိုသတိပြုမိပြီးမိမိကိုယ်ကိုပြောင်းလဲကာသခင်ယေဇူး၏သူရဲကောင်းစစ်သူကြီး၊အမိမယ်တော်သခင်မ၏ကိုယ်ရံတော်ဖြစ်ရခြင်းသည်သာဘဝရဲ့စစ်မှန်တဲ့ပျော်ရွှင်ခြင်ဖြစ်ကြောင်းဘုရားသခင်၏ဘုန်းတော်ဂုဏ်တော်အတွက်မိမိဘဝကိုအပြီးတိုင်လောကတ္တရာဝိညာဉ်ရေးအတွက်ဆက်ကပ်ခဲ့သူဖြစ်သည်။သူ၏ဝိညာဉ်ရေးလေ့ကျင့်ခန်းများသည်အသင်းတော်တွင်ယနေ့တိုင်နာမည်ကျော်ကြားလျက်ရှိသည်။
လူသည်ကမ္ဘာလောကကြီးတစ်ခုလုံးကိုအုပ်စိုးရသော်လည်းမိမိကိုယ်မိမိဆုံးရှုံးလျှင်အဘယ်အကျိုးရှိမည်နည်း။(ရှင်လုကာ၉း၂၅)သို့ဖြစ်၍ကျွန်ုပ်တို့သည်ကျန်ရှိသောအချိန်ကာလအတွင်းလောက၏ရမ္မက်ဆန္ဒများဖြင့်အသက်မရှင်ဘဲ ဘုရားသခင်၏အလိုတော်အားဖြင့်သာအသက်ရှင်နိုင်ကြရန်ကြိုးစားသွားကြပါစို့။(၁ပီတာ ၄း၂)
ကျွန်ုပ်တို့၏နောင်ရေးစိတ်အေးရခြင်းအတွက်မိမိဘဝကိုပေးဆပ်ကြပြီးလောကကြီးမှာစိတ်ပင်ပန်းကြီးစွာလုပ်ကိုင်နေကြသောသူများသတိပြုမိစေရန်ပုံပြင်လေးတစ်ခုကြောင်းစဉ်းစားကြည့်ကြရအောင်။***တစ်ရက်သောညနေနေရီဆည်ဆာချိန်၌သူဌေးအဖိုးအိုကြီးတစ်ဦးဟာပင်လယ်ကမ်းခြေတစ်ခု၌စိတ်အေးလက်အေးလမ်းလျှောက်ထွက်လာရင်းပင်လယ်ကမ်းခြေဆိပ်ခံတံတားတစ်ခုမှာစိမ်ပြေနေပြေငါးထိုင်မျှားနေသောသူဆင်းရဲတစ်ဦးကိုတွေ့လေသည်။ထိုသူဌေးကြီးသည်သူဆင်းရဲနားသွားကာဘာဖြစ်လို့အဲ့ဆိပ်ခံတံတားမှာပဲငါးထိုင်မျှားနေတာလဲ။တစ်ခြားနေရာမှာလိုက်လျှောက်မျှားပါလားငါးတွေပိုရမှာပေါ့လို့အကြံပေးတယ်။ဆင်းရဲတဲ့တံငါသည်ကလည်းငါးတွေပိုရတော့ဘာဖြစ်မလဲလို့ပြန်မေးသတဲ့။သူဌေးကြီးကရလာတဲ့ငါးတွေကိုပြန်ရောင်းရင်ပိုက်ဆံပိုရတာပေါ့လို့ပြန်ဖြေတယ်။ဆင်းရဲသားကပိုက်ဆံပိုရတော့ဘာဖြစ်မလဲလို့ထပ်မေးတယ်။သူဌေးကပိုက်ဆံပိုရတော့လှေလေးဝယ်နိုင်ပြီးဒီထပ်ငါးများများရတဲ့နေရာမှာငါးမျှားလို့ရမယ်။ပိုက်ဆံတွေပိုရမယ်နောင်ဆုံးလုပ်ငန်းကြီးတွေလုပ်ပြီးငါ့လိုသူဌေးကြီးဖြစ်လာမှာပေါ့လို့ပြန်ဖြေသတဲ့။သူဆင်းရဲကလည်းသူဌေးဖြစ်တော့ဘာဖြစ်မလဲလိုမေးပြန်သတဲ့။သူဌေးကြီးကသူဌေးဖြစ်တော့ငါ့လို့စိတ်အေးလက်အေးလောကကြီးရဲ့အရသာကိုခံစားလို့ရမှာပေါ့လို့ဖြေလိုက်တယ်။ထိုအခါသူဆင်းရဲကသူဌေးကြီးကိုကျွန်ုပ်အခုဘာလုပ်နေတာလဲသိလားလို့မေးလိုက်လေသည်။သူဌေးကြီးကသူ့အမြင်ဖြစ်ပြောလိုက်သည်မှာမင်းအချိန်တွေကိုအလဟဿဖြုန်းတီးနေတယ်တာပဲလို့ဖြေလေသည်။သူဆင်းရဲကအဲ့ဒါဆိုအခုသူဌေးကြီးကအခုဘာလုပ်နေတာလဲလို့ပြန်မေးသတဲ့။သူဌေးကြီးကငါကအခုစိတ်အပန်းဖြေပြီးငါ့ဘဝကိုကုန်ဆုံးဖို့အနားယူနေတာလို့ပြန်ဖြေလေသည်။သူဆင်းရဲကလည်းကျွန်တော်လည်းအခုငါးမျှားရင်းနဲ့စိတ်အပန်းပြေနေတာပဲလေစိတ်အေးလက်အေးပဲဘာအပူအပင်မှမရှိဘူး။သူဌေးကြီးလိုသူဌေးဖြစ်လာတဲ့ထိစောင့်နေစရာမလိုပါဘူးလို့ပြန်ပြောလိုက်လေသည်။
ထိုပုံပြင်လေးကတော့ဘဝရဲ့အဓိပ္ပါယ်အနှစ်သာရကိုကိုယ်ဘယ်လိုခံယူပြီးရယူပိုင်ဆိုင်ထားသလဲကိုဖော်ကျူးထားခြင်းသာဖြစ်တယ်။စိတ်အပန်းဖြေတာခြင်းတူပေမဲ့မတူညီတဲ့ခံယူချက်ကြောင့်လျှောက်လှမ်းရတဲ့လမ်းလည်းမတူဘူးဆိုတာပါပဲ။ပင်ပင်ပန်းပန်းရှာပြီးမှာဘဝရဲ့အရသာကိုခံမလား။ဒါမှမဟုတ်ပင်ပန်းမှုတွေကြားထဲမှာပဲဘဝရဲ့အရသာကိုရှာဖွေတွေ့ရှိသူအဖြစ်နေထိုင်မလား။(တစ်ကယ်တော့အနတ္တသက်သက်၊အနတ္တသက်သက်၊ခပ်သိမ်းသောအရာတို့သည်အနတ္တဖြစ်ကြ၏။)