August 2nd 2022, Tuesday
(ရှင်မာတေဉီး၁၄း၂၂-၃၆)
Sr. JUDITH OP
Posted by Sr.Sabina Hla Yee Win, ISR
ထောက်ရှု့ချက်***
ယေဇူးသခင်သည်တပည့်တော်တို့နှင့်အတူမိမိ၏လူမျိုးတော်ဝိညာဉ်ကယ်တင်ခြင်းရရှိစေရန်အတွက်တစ်ရွာဝင်တစ်ရွာထွက်ခရီးပြုကာတရားဒေသာနာတော်ကိုဟောပြောသွန်သင်လျက်ရှိ၏။ခရစ်တော်သည်အားလုံးစုံကိုတတ်နိုင်တော်မူသော၊ရေ၊မြေ၊လေအစရှိသောအရာအားလုံးတို့ကိုလည်းပိုင်စိုးတော်မူသောဘုရင်လည်းဖြစ်၏။ဤအရာအားလုံးတို့သည်လည်းသူ၏အသံကိုနားထောင်တော်မူ၏။ယေဇူးသခင်သည်ခမည်းတော်ဘုရားအားချီးမွမ်းထောပဌာပြု၍ဆုတောင်းခြင်းဖြင့်ခွန်အားယူရာတွင်လည်းကောင်း၊အပြစ်သားများဖြစ်သောကျွန်ပ်တို့အတွက်ဆုတောင်းခြင်းအမှုကိုပြုရာတွင်သော်လည်းကောင်း၊တောင်ပေါ်နေရာတစ်ခုကိုအမြဲရွေးချယ်လေ့ရှိသည်။ထို့တောင်ပေါ်နေရာလေးသည်သာတိတ်ဆိတ်မှုပေးသော၊အနှောင့်အယှက်ကင်းသော၊အနားယူရန်အဆင်ပြေသောနေရာဖြစ်သည်။ဘုရားနဲ့နီးစပ်နိုင်ဖို့ဆိတ်ငြိမ်ခြင်း(အတွင်းစိတ်)ကသာအဓိကဖြစ်သည်ဟုဆိုသော်လည်းဆူညံနေသောအရပ်တွင်အာရုံပြုဆုတောင်းဖို့ရန်လွယ်ကူမည်မဟုတ်ပါ။ယေဇူးသခင်သည်မိမိကိုယ်ပိုင်အချိန်ကိုသီးသန့်ရှာပြီးဆုတောင်းသည့်အမှုကိုပြုခြင်းသည်ကျွန်ုပ်တို့လူသားအတွက်လည်းဆုတောင်းခြင်းသည်မည်မျှအရေးပါကြောင်းမီးမောင်းထိုးပြနေပါသည်။ဆုတောင်းခြင်းသည်ကျွန်ပ်တို့တစ်ဉီးစီ၏ကိုယ်စိတ်ကျန်းမာခြင်းသာမကဝိညာဉ်ရှင်သန်ရေးအတွက်လိုအပ်သောအရာဖြစ်သည်။မိမိအတွက်သာမကတစ်ပါးသူအတွက်လည်းဆုတောင်းပေးအားဖြင့်တစ်ဘက်တစ်လှမ်းမှကူညီနိုင်ပါသည်။(ဉပမာဆင်းရဲသား၊စစ်ဘေးရှောင်၊ငြိမ်းချမ်းရေးအတွက်၊အပြစ်သားတွေပြုပြင်ပြောင်းလဲရန်....)
ယေဇူးသခင်ရေပေါ်လမ်းလျှောက်ခြင်းနှင့်ပေတရုအားရေပေါ်လမ်းလျှောက်ရန်ဖိတ်ခေါ်ခြင်းသည်တစ်နည်းအားဖြင့်ထောက်ရှု့လျှင်ယုံကြည်ခြင်းအားနည်းနေသောတပည့်တော်တို့ကိုစမ်းသပ်ရန်ဖြစ်နိုင်သကဲ့သို့သူသည်ထာဝရဘုရားဖြစ်ကြောင်းတပည့်တော်တို့ကိုပို၍ယုံကြည်လက်ခံလာစေရန်လည်းဖြစ်နိုင်ပါသည်။တပည့်တော်တို့သည်ဘုရားရှင်နှင့်အတူရှိခိုက်တွင်သူတို့၏နေ့စဉ်သွားလာလုပ်ရှားနေထိုင်မှုကိုကြည့်လျင်အရာအားလုံးဟာအဆင်ပြေပြည့်စုံနေခဲ့ပါသော်လည်းနောက်ပိုင်းတွင်တုန်လှုပ်ကြောက်ရွံ့မှု၊သံသယ၊ဉီးတည်ရာမဲ့အခြေအနေနှင့်နေ့စဉ်နှင့်အမျှကြုံကြိုက်ရပါတော့သည်။ရှင်ပေတရုသည်ခရစ်တော်ကိုဘုရား၏သားတော်ဖြစ်ကြောင်း၊မိမိမည်မျှချစ်ကြောင်းဝန်ခံခဲ့သော်လည်းလူသားပီပီဉီးပင်မမော့နိုင်တော့ချေ။ကျွန်ုပ်တို့တစ်ဉီးစီသည်လည်းတစ်ခါတစ်ရံပြသာနာအချို့နှင့်ရင်ဆိုင်ကြုံတွေ့နေရလျှင်ဘယ်မှာလဲဘုရား၊ဒီအခက်အခဲကလေးတောင်မကူညီဘူးလားဆိုတဲ့အတွေးဝင်လာတတ်ပါသည်။သို့သော်ကျွန်ုပ်တို့၏ဘုရားရှင်သည်ထိုညီးတွားပြစ်တင်မှုကိုမမှတ်ယူဘဲအစဉ်အမြဲခွင့်လွတ်တော်ကာထိုအခက်အခဲဖြင့်ကျွန်ုပ်တို့၏ရင့်ကျက်လာမှုကိုမျှော်လင့်စောင့်စားတော်မူ၏။လဲကျတော့မည်အခိုက်ပေတရုအားပြန်၍ယုံကြည်ခြင်းခွန်အားဖြည့်ပေးခဲ့သကဲ့သို့ဘုရားရှင်ရဲ့အသက်တာ၌ခိုလှုံကိုးစားလိုသောကျွန်ုပ်တို့အားလည်းရဲရင့်ခြင်းရှိရန်၊ငါပင်ဖြစ်သည်မကြောက်ကြနှင့်ဟူ၍ကျွန်ုပ်တို့၏လက်ကိုအမြဲဆွဲထူပေးနေမည်မှာဧကန်မုချဖြစ်သည်။ကျွန်ုပ်တို့နေ့စဉ်ဆုတောင်းရမည့်တစ်ခုတည်းသောအရာမှာအိုယေဇူးဘုရားကျွန်ပ်တို့ရဲ့ယုံကြည်ခြင်းကိုတစ်နေ့တစ်ခြားတိုးပွားစေတော်မူပါ။အာမင်။