August 3rd 2022, Wed
ရှင်မာတေးဉီး (၁၅း၂၁-၂၈)
Sr. BENEDETTA OP
Posted by Sr.Sabina Hla Yee Win, ISR
ထောက်ရှုချက်
စစ်မှန်တဲ့မိခင်တစ်ယောက်ကသားသမီးတွေအတွက်ဘာမဆိုပေးဆပ်ရဲတယ်ဆိုတာအမေရှိသူတိုင်းနားလည်မယ်လို့ယုံကြည်ပါတယ်။ဒီကနေ့ကျမ်းစာထဲကဉပမာတစ်ခုဖြစ်တဲ့ခါနာန်အမျိုးသမီးတစ်ဦးကသူမရဲ့သမီးနတ်ဆိုးနှိမ့်စက်ခံရသဖြင့်သမီးအတွက်တောင်းလျှောက်ပေးတာကိုတွေ့ရပါတယ်။ခါနာန်အမျိုးသမီးဟာလူအရပ်ထဲမှာရှက်ကြောက်ခြင်းကိုဘေးဖယ်ပြီးဒါဝိတ်၏သားတော်ရှင်ကျွန်မကိုသနားတော်မူပါလို့အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်းကိုယ်တော်ကတိတ်ဆိတ်စွာနေခဲ့တယ်။သူ့ရဲ့နောက်လိုက်တပည့်တော်များကလည်းသူမကိုထွက်သွားဖို့နှင့်ဆက်၍အော်ဟစ်တောင်းလျှောက်တာမပြုလုပ်ဖို့ပြောခဲ့ပေမယ့်သူမကယုံကြည်ခြင်းအပြည့်နဲ့ဆက်လက်တောင်းလျှောက်နေခဲ့ပါတယ်။ခရစ်တော်ကလည်းသား၏အစာကိုယူ၍ခွေးကိုမကျွေးသင့်ဟုအလွန်ပြင်းထန်သောစကားလုံးဖြင့်ပြန်ပြောသောအခါသူမကမှန်ပါ၏သခင်၊သို့သော်ခွေးများကသခင်၏စားပွဲအောက်သို့ကျသောစားနုပ်စားပေါက်ကိစားသောထုံးစံရှိ၏ဟုနှိမ့်ချစွာပြန်ပြောသည်ကိုဘုရားသခင်ကသင်၏ယုံကြည်ခြင်းကြီးမားလှပါပြီ၊သင်လိုသည့်အတိုင်းဖြစ်စေဟုမိန့်တော်မူခဲ့တယ်။ဤအကြောင်းအရာကိုကြည့်ခြင်းအားဖြင့်ကျွန်ုပ်တို့အတွက်လည်းအတုယူခွန်အားရစရာအရာတစ်ခုဖြစ်စေပါတယ်။လောကမှာအခြားသောပေးဆပ်ခြင်းအမျိုးမျိုးနဲ့သားသမီးတွေအတွက်အနစ်နာခံပေးနေကြတဲ့မိခင်တွေဟာမရေမတွက်နိုင်လောက်ရှိနေပါတယ်။သူတို့တွေသောကရောက်နေကြတယ်၊ပင်ပန်းနေကြတယ်။အထူးသဖြင့်ယခုလိုခေတ်ကာလမကောင်းတဲ့အချိန်ခါမျိုးမှာမိမိတို့ရဲ့သားသမီးတွေ/ခင်ပွန်းတွေကိုမမျှော်လင့်ဘဲဆုံးရှုံးလိုက်ရတယ်၊အိုးအိမ်ပျက်စီးသွားတယ်၊အလုပ်လက်မဲ့ဖြစ်ရတယ်၊ဘယ်လိုပြန်လည်ဆောက်တည်ရမလဲဆိုတာစိတ်ဓါတ်ကျကောင်းကျနေမှာအမှန်ပါပဲ။ဒီလိုနာကျင်မှုတွေခံစားနေရတဲ့အခိုက်အတန့်မျိုးမှာတချို့သောမိဘတွေဟာစိတ်လျော့ပြီးယုံကြည်ခြင်းတရားတွေအားနည်းလာတယ်၊ဘုရားရဲ့တည်ရှိခြင်းကိုမေးခွန်းထုတ်လာကြတယ်၊ငါ့ရဲ့ဆုတောင်းသံကိုဘုရားလျစ်လျူရှုတယ်စသဖြင့်လမ်းပျောက်သယောင်ဖြစ်နေတဲ့သူတွေရှိကောင်းရှိကြပါလိမ့်မယ်။သို့သော်ဒီကနေ့ကျမ်းစာတော်မြတ်ထဲမှခါနာန်အမျိုးသမီးရဲ့နှိမ့်ချမှုနဲ့ဇွဲလုံ့လကြီးမှုဟာကျွန်ုပ်တို့ဘဝအတွက်လည်းအမြဲမှတ်သားဖွယ်ရာစံနမူနာအဖြစ်နဲ့ခံယူထားမယ်ဆိုရင်ကျွန်ုပ်တို့အတွက်သေခြင်း၊နာခြင်း၊ပျက်စီးခြင်းတွေ၊ခွဲခွာရခြင်း၊အောင်မြင်ခြင်း၊ကျရှုုံးခြင်းတွေဟာဘဝရဲ့ဖြစ်စဉ်တွေပါလားဆိုပြီးအရှိကိုအရှိအတိုင်း၊အဖြစ်ကိုအဖြစ်အတိုင်း၊လောကရဲ့မတည်မြဲခြင်းသဘောတရားတွေကိုတရားသဘောနဲ့နားလည်လက်ခံတတ်လာပါလိမ့်မယ်။ဒီလိုလက်ခံနိုင်စွမ်းရှိဖို့အတွက်ဆိုရင်ကျွန်ုပ်တို့အားလုံးဟာဘုရားရှင်ထံမှလာတဲ့အထူးကျေးဇူးတော်လိုအပ်ပါတယ်။ဘုရားသခင်၌လူသားတို့ဉာဏ်နဲ့နားမလည်နိုင်တဲ့အစီအမံနဲ့အချိန်အခါရှိတယ်ဆိုတာကိုလည်းယုံကြည်နားလည်ထားရပါမယ်။ထာဝရကောင်းမြတ်ပြီး၊သနားခြင်းနဲ့ပြည့်ဝတဲ့ကျွန်ုပ်တို့ရဲ့တစ်ဆူတည်းသောထာဝရဘုရားရှင်ဟာကျွန်ုပ်တို့ကိုလျစ်လျူမရှုထားပါဘူး။ကျွန်ုပ်တို့ရဲ့အသံကိုသူအမြဲနားစွင့်နေပါတယ်။ဘုရားရှင်ရဲ့ကျေးဇူးတော်၌အစဉ်ခိုလှုံကိုးစားနိုင်ကြပါစေ။ကျွန်ုပ်နှင့်အတူဇွဲရှိရှိနဲ့ဆက်လက်ဆုတောင်းကြပါစို့.....