August 8, 2022
Mt 17:22-27
ဖာသာရ် ပေါလ် အောင်မြင့်ဝင်း OP
နှူတ်နှင့်အကျင့်စံနမူနာတို့ဖြင့် ဟောပြောသက်သေခံခြင်း
Posted by Sr.Sabina Hla Yee Win, ISR
ဒီနေ့မျက်မှောက်နေ့စဉ်သတင်းတွေဟာကျွန်ုပ်တို့အတွက်စိတ်ပျက်စရာသတင်းတွေပါဘဲ။လူတွေဒုက္ခအမျိုးမျိုးရောက်တဲ့အကြောင်းတွေ၊ရောဂါကပ်ဘေးတွေ၊သဘာဝကပ်ဘေးတွေ၊စစ်မက်ဘေးရန်နဲ့ခေတ်ပျက်ဒုစရိုက်တွေအကြောင်းနေ့စဉ်ဆိုသလိုကြားနေမြင်နေကြရပါတယ်။အထူးသဖြင့်ကျွန်ုပ်တို့အမိမြန်မာနိုင်ငံမှာဆိုဒီသတင်းဆိုးတွေနဲ့လူ့အခွင့်ရေးချိုးဖောက်မှုတွေကိုကြုံတွေ့ခံစားနေကြရပါတယ်။ကျွန်ုပ်တို့ရဲ့ညီအစ်ကိုမောင်နှမတွေဟာဆာလောင်ငတ်မွတ်ခြင်း၊စိုးရိမ်ပူပန်ခြင်း၊မလုံခြုံမှုတွေနဲ့အကြောက်တရားတို့နဲ့အတူနေ့စဉ်ဘဝတွေကိုခက်ခက်ခဲခဲဖြတ်သန်းနေကြရပါတယ်။ဝန်လေးပင်ပမ်းပြီး(မာတေဦး၁၁း၂၈)၊တစ်ခါတစ်ရံသိုးထိန်းမရှိတဲ့သိုးတွေလိုအားကိုးရာမဲ့၍ပူပင်သောကရောက်နေကြရပါတယ်(သံမာတေဦး၉း၃၆)
ဒီလိုဒုက္ခမျိုးစုံကြုံတွေ့ခံစားကြရတဲ့အခါလူတွေဟာဘုရားကိုဟစ်အော်ညည်းတွားချင်တတ်ကြပါတယ်။ပြီးတော့(ဘုရား)တည်ရှိခြင်းဆိုင်ရာလိုမေးခွန်းမျိုးတွေ၊ဉပမာအခုဘုရားကဘယ်မှာလဲ။ဒါမှမဟုတ်အကျွန်ုပ်၏ဘုရား၊အကျွန်ုပ်၏ဘုရားအဘယ်ကြောင့်ကျွန်ုပ်ကိုစွန့်ပစ်ထားတော်မူပါသနည်း(မာတေဦး၂၇း၄၆)လိုမေးခွန်းတွေကိုနားကြည်းစွာနဲ့အော်ဟစ်မေးတတ်ကြပါတယ်။တကယ်တော့ကျွန်ုပ်တို့ခရစ်ယာန်တွေယုံကြည်ကိုးကွယ်နေတဲ့ဘုရားသခင်ဆိုတာအလင်းနဲ့မေတ္တာ၊တရားမျှတမှုနှင့်ငြိမ်းချမ်းခြင်းတို့၏အရှင်ဘုရားသခင်ဖြစ်ပါတယ်။ဒါပေမယ့်လည်းနေ့စဉ်နှင့်အမျှလူသားတွေရဲ့ဒုက္ခဝေဒနာတွေကိုအမှန်တကယ်ကြုံတွေ့သက်သေခံနေရတဲ့ ဒီလိုကာလမှာ၊ဒီလိုဆုံးရှုံး၊ပျက်စီးခြင်းတွေကိုတစ်စီတစ်တန်းကြီးကြုံတွေ့ခံစားနေရတဲ့လူတွေရှေ့မှာဘုရားရဲ့ အစွမ်းတန်ခိုးနဲ့မေတ္တာတရား၊တရားမျှတမှုနဲ့ငြိမ်းချမ်းခြင်းတရားတွေကိုဟောပြောဖို့ဆိုတာဘယ်တရားဟောပုဂ္ဂိုလ်-ရဟန်းအတွက်မှလွယ်မှာမဟုတ်တာ သေချာပါတယ်။
တရားဟောရဟန်းတစ်ပါးအနေဖြင့်ဒီလိုနေ့ဆိုးကြီးတွေကြားမှာဘုရားသခင်နှင့်စကားပြောဖို့ဒါမှမဟုတ်ဘုရားသခင်အကြောင်းဟောပြောဖို့ခွန်အားတစ်စုံတစ်ခုကိုရှာဖွေနေခဲ့မိပါတယ်။ဒီနေရာမှာစိန့်ဒေါမိနစ်ကိုကျွန်ုပ်တွေ့ရှိခဲ့ပါတယ်။သူဟာဘုရားသခင်နှင့်အမြဲစကားပြောလေ့ရှိပြီးဘုရားသခင်အကြောင်းကိုလည်းနှုတ်နှင့်အကျင့်စံနမူနာတို့နဲ့အမြဲဟောပြောသက်သေခံခဲ့သူပါ။သူ့ခေတ်သူ့ကာလစပိန်နိုင်ငံဟာဒီနေ့ကျွန်ုပ်တို့လိုအခက်ခဲတွေနဲ့ကြုံနေခဲ့ရပြီးလူများစွာဟာအငတ်ဘေးနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဒီလိုဒုက္ခဝေဒနာတွေနဲ့လူတွေအစာငတ်သေနေတာကိုမြင်တွေ့ခဲ့ရတဲ့စိန့်ဒေါမိနစ်ဟာသူပိုင်ဆိုင်သမျှ၊အထူးသဖြင့်တန်ဖိုးအကြီးဆုံးစာအုပ်တွေကိုရောင်းချပြီးဆင်းရဲသားများနဲ့လိုအပ်နေသူများကိုအစားစာပေးဝေနိုင်ရန်စင်တာတစ်ခုကိုတည်ထောင်ပေးခဲ့ပါတယ်။သူ့ခေတ်သူ့အခါအရေးတကြီးလိုအပ်တဲ့အရာကိုဧဝံဂေလိတရားတော်အတိုင်းတုန့်ပြန်ခဲ့ခြင်းပါဘဲ။သံမာတေဦးကျမ်း၁၉း၂၁မှာခရစ်တော်ဘုရားရှင်က“သွား၍သင်၌ရှိသည့်ဥစ္စာကိုရောင်းချပြီးဆင်းရဲသားတို့အား ပေးကမ်းလော့။ပြီးမှငါ့နောက်သို့လိုက်လော့”လို့ဆိုထားတယ်မဟုတ်လား။ဒီကျမ်းစကားကိုစိန့်ဒေါမိနစ်အမြဲနှလုံးသွင်းလေ့ရှိပါတယ်။
စိန့်ဒေါမိနစ်ရဲ့စံနမူနာနဲ့ကရုဏာလုပ်ရပ်ဟာကျွန်ုပ်ကိုခွန်အားပေးတယ်လို့ဝန်ခံပါရစေ။သူ့ခေတ်သူ့အချိန်ကာလသူ့အသိုင်းအဝိုင်းမှာအရေးတကြီးလိုအပ်နေတဲ့အရာကိုအခုလိုစံနမူနာပြသက်သေခံခဲ့သလိုကျွန်ုပ်လည်းဒီနေ့ကျွန်ုပ်တို့အချိန်ကာလကျွန်ုပ်တို့အသိုင်းအဝိုင်းရဲ့အရေးတကြီးလိုအပ်နေတဲ့အရာတွေကိုဧဝံဂေလိတရားတော်အတိုင်းတုန့်ပြန်ချင်လှပါတယ်။ဒုက္ခဝေဒနာမျိုးစုံခံစားနေရတဲ့ကျွန်ုပ်တို့ရဲ့ညီအစ်ကိုတွေဆီခရစ်တော်ရဲ့ကုသခြင်း၊နှစ်သိမ့်ခြင်းနှင့်ကရုဏာတရားတွေကိုသယ်ဆောင်လာချင်တယ်။တတ်နိုင်ရာတတ်နိုင်သမျှနဲ့ကူညီချင်တယ်။ဘုရားသခင်ရဲ့မျှော်လင့်ခြင်းသတင်းကောင်းတွေကိုကြေငြာဟောပြောချင်တယ်။ဒီနေ့ပွဲတော်နေ့ရှင် စိန့်ဒေါမိနစ်လိုဘဲခရစ်တော်ရဲ့ဧဝံဂေလိသတင်းကောင်းကိုနှုတ်အားဖြင့်သာမဟုတ်ဘဲအကျင့်စံနမူနာအားဖြင့် ဟောပြောသက်သေခံနိုင်သောတရားဟောရဟန်းတစ်ပါးဖြစ်ဖို့ပို၍ခွန်အားတွေရမိပါတယ်။ဒီနေ့ကျွန်ုပ်ရရှိတဲ့ ဒီခွန်အားတွေဟာကျွန်ုပ်တို့တစ်ဦးချင်းဆီအတွက်ခွန်အားတွေဖြစ်ပါစေ။ကျွန်ုပ်တို့အချိန်ကာလရဲ့အရေးတကြီးလိုအပ်ချက်တွေကိုတုန့်ပြန်နိုင်ဖို့ခွန်အားဖို့ခွန်အားတွေဖြစ်ပါစေ။တရားဟောရဟန်းတစ်ပါးအတွက်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုတွေ့နိုင်မြင်နိုင်တဲ့နေရာမှာရပ်တည်နေဖို့ဟာအရေးကြီးဆုံးပါဘဲ။ဒါမှပုပ်ရဟန်းမင်းကြီးဖရန်စစ်မိန့်ဆိုသလိုကျွန်ုပ်တို့ဟာကျွန်ုပ်တို့အချိန်ကာလရဲ့လူတွေရဲ့နှလုံးသားကိုစကားပြောနိုင်မှာဖြစ်ပြီးသန့်ရှင်ခြင်း၊တရားမျှတမှုနဲ့ငြိမ်းချမ်းခြင်းတို့ရဲ့ကောင်းကင်နိုင်ငံတော်ရောက်လာခြင်းကိုလူတွေတမ်းတဖို့ လှုံ့ဆော်နိုင်မှာဖြစ်ပါတယ်။
ထာဝရဘုရားသခင်၏ဝိညာဉ်တော်သည်ငါ့အပေါ်၌ရှိတော်မူ၏။အကြောင်းမူကားဆင်းရဲသားတို့အားဝမ်းမြောက်စရာသတင်းကိုဟောပြောစေခြင်းငှာကိုယ်တော်သည်ငါ့ကိုဆီဖြင့်ဘိသိပ်ပေးတော်မူသည်။ချုပ်နှောင်ခံရသောသူတို့အားလွတ်ငြိမ်းခြင်းကိုကြေငြာရန်မျက်စိမမြင်သောသူတို့အားကျက်စိအလင်းကိုပေးရန်လည်းကောင်း၊ဖိနှိပ်ခံရသောသူတို့အားကယ်တင်စေခြင်းငှာလည်းကောင်း၊ထာဝရဘုရားသခင်၏ကျေးဇူးတော်မင်္ဂလာနှစ်ကိုကြေငြာရန်လည်းကောင်း၊ငါ့ကိုစေလွတ်တော်မူ၏။ (လုကာ၄း၁၈-၁၉)