9th August, 2022
ပထမကျမ်း ယေဇကျေလအနာဂတ်တိကျမ်း ၂း ၈-၃း ၄
ဧဝံဂေလိကျမ်း ရှင်မာတေးဦး ၁၈း၁-၅, ၁၀,၁၂-၁၄
Fr. Moses Dereh, OP
Posted by Sr.Sabina Hla Yee Win,ISR
***ထောက်ရှုချက်***
ကျွန်ုပ်တို့လူသားများလုပ်လေ့ရှိသောအလေ့အထတစ်ခုမှာအကျိုးအမြတ်ကိုတွက်ပြီးအလုပ်လုပ်ခြင်းပင်ဖြစ်သည်။အရာရာကိုသင်္ချာဖြင့်တွက်ချက်ကြသည်။နည်းသည်၊များသည်မြတ်သည်၊ရှုံးသည်စသည်ဖြင့်တွက်ချက်ကြသည်။ထို့ကြောင့်အရာရာကိုအရှုံးအမြတ်အပေါ်မူတည်ပြီးပြုမူလုပ်ဆောင်တတ်ကြသည်။သခင်ခရစ်တော်ပေးသောပျောက်သောသိုးပုံဥပမာသည်လူ့အတွေးဖြင့်တွေးပါကသဘာဝမကျလှပေ။သိုးကိုးဆယ့်ကိုးကောင်ကိုတောင်ပေါ်တွင်ချန်ထားပြီးပျောက်သောသိုးတစ်ကောင်ကိုထွက်ရှာခြင်းသည်ရူးမိုက်ခြင်းသက်သက်သာဖြစ်သည်ဟုတွေးကြပေမည်။ထိုသို့တွေးရခြင်းသည်လည်းကျွန်ုပ်တို့၌အရာရာကိုအရှုံးအမြတ်တွက်တတ်သောစိတ်ရှိသောကြောင့်ဖြစ်သည်။ဘုရားသခင်ကမူကျွန်တော်တို့ကဲ့သို့အရှုံးအမြတ်တွက်ခြင်းမရှိပေ။ကိုယ်တော်ရှင်၏ကြံစည်လုပ်ဆောင်ချက်ဟူသမျှသည်ချစ်ခြင်းအပေါ်အခြေခံသည်။ကိုယ်တော်ဖန်ဆင်းထားသမျှသည်ကိုယ်တော့်အတွက်တန်ဖိုးကြီးသည်။ထို့ကြောင့်ကိုယ်တော်သည်မည်သူတစ်ဦးတစ်ယောက်ကိုမျှပစ်ပယ်မထားဘဲအားလုံးကိုတူညီသောမေတ္တာဖြင့်ချစ်နေခြင်းဖြစ်သည်။
ကျမ်းစာသုသေသီများ၏အဆိုအရသခင်ခရစ်တော်၏ပုံဥပမာထဲကလမ်းလွဲ၍ပျောက်သောသိုးသည်ဒဏ်ရာရသောသိုး၊သို့မဟုတ်မကျန်းမာသောသိုး၊သို့တည်းမဟုတ်ထုံအသောသိုးဖြစ်နိုင်သည်ဟုဆိုကြသည်။အကြောင်းအမျိုးမျိုးကြောင့်ဒဏ်ရာရသောသိုးသည်လမ်းမလျှောက်နိုင်တော့၍တစ်နေရာတွင်ကျန်ခဲ့နိုင်သည်။မကျန်းမာသောသိုးသည်အားနည်းသောကြောင့်တောတောင်ထဲတစ်နေရာတွင်အိပ်မောကျန်ခဲ့နိုင်သည်။ထုံအသောသိုးတစ်ကောင်သည်သိုးထိန်း၏အသံကိုမသိ၊သူ၏ဦးဆောင်မှုနောက်သို့မလိုက်၊တခြားသိုးများနှင့်လဲမပေါင်း၊မိမိဘာသာခြေဦးတည့်ရာလျှောက်သွားရင်းလမ်းပျောက်သွားနိုင်သည်။မည်သည့်အကြောင်းကြောင့်လမ်းလွဲပျောက်သွားစေကာမူသိုးထိန်းသည်ထိုပျောက်သောသိုးကိုချစ်ခြင်းအပြည့်အဝဖြင့်တွေ့သည်အထိရှာဖွေပြီးတွေ့သောအခါတွင်မပျောက်သောသိုးများအတွက်ဝမ်းမြောက်သည်ထက်ထိုသိုးအတွက်သာ၍ဝမ်းမြောက်သည်ဟုသခင်ခရစ်တော်ကိုယ်တော်တိုင်မိန့်ဆိုထားသည်။ဤပုံဥပမာအရသိုးထိန်းသည်ပျောက်သောသိုးကိုအပြစ်မမြင်သည်သာမကတခြားသောသိုးများထက်အားနည်းသည်ဟုမြင်ကာထိုသိုးကိုပို၍အလေးထားဂရုစိုက်ပြီးထိုသိုးအပေါ်ဂရုဏာပိုသည်ကိုတွေ့ရှိရသည်။ထို့ကြောင့်ကျွန်ုပ်တို့ကောက်ချက်ချနိုင်သည်မှာဘုရားသခင်သည်အပြစ်သားကျွန်ုပ်တို့ကို မည်သည့်အခါမျှအပြစ်မမြင်ဘဲအားနည်းသည်ဟုသာမှတ်ယူပြီးသူ၏သိုးစုထဲသို့ပြန်လည်ခေါ်ဆောင်ရန်အမြဲတမ်းလိုက်လံရှာဖွေနေသည်ဟုဆိုနိုင်သည်။
အကယ်၍သိုးထိန်းဘုရားသခင်ကိုကျန်းမာပြီးလိမ္မာသောသိုးကိုးဆယ့်ကိုးကောင်ကိုချန်ထားပြီးအနာတရရှိသော၊မကျန်းမာသော၊မလိမ္မာထုံအသောသိုးကိုမှအဘယ့်ကြောင့်လိုက်လံရှာဖွေရသနည်းဟုမေးခဲ့မည်ဆိုပါကကိုယ်တော့်ထံမှထွက်လာနိုင်သောအဖြေမှာသင်သည်ဒဏ်ရာများနှင့်ပြည့်နှက်နေသည့်သိုးဖြစ်နေပါစေ၊ဖျားနာပြီးအားချိနဲ့နေပါစေ၊ထုံအသောသိုး၊မကြာခဏလမ်းပျောက်တတ်သောသိုးဖြစ်နေပါစေသင်သည်ကျွန်ုပ်ပိုင်ဆိုင်သောသိုးဖြစ်သည်၏ဟူသောအဖြေမျိုးပေးလိမ့်မည်။ကျွန်ုပ်တို့၏ဘုရားသခင်သည်ကျွန်ုပ်တို့အပြစ်ကင်းစင်မှ၊ပညတ်တော်များကိုတသွေမတိမ်းစောင့်ထိန်းလိုက်နာမှချစ်မည့်ဘုရားမဟုတ်ပေ။ကိုယ်တော်သည်ကျွန်ုပ်တို့မည်သည့်အခြေအနေမျိုးတွင်ရှိနေပါစေကျွန်ုပ်တို့ကိုချစ်နေမည့်ဘုရား၊ကျွန်ုပ်တို့အပြစ်နွံထဲကျရောက်နေချိန်၊အားနည်းနေချိန်တွင်ကျွန်ုပ်တို့ကိုပို၍ဂရုဏာသက်မည့်ဘုရား၊လက်ကမ်းဖေးကူပြီးအိမ်တော်သို့ပြန်လည်ခေါ်ဆောင်မည့်ဘုရားဖြစ်သည်။တနည်းအားဖြင့်ဆိုရလျှင်ဘုရားသခင်သည်ကျွန်ုပ်တို့ကိုတစ်ဖက်သတ်အချစ်ဖြင့်အမြဲချစ်နေသည်။ ကျွန်ုပ်တို့အားလုံးကိုသူ၏အိမ်တော်သို့ပြန်ခေါ်ရန်အမြဲတမ်းကြံဆောင်နေသည်။“ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည်ဤအငယ်ဆုံးသောသူတစ်ဦးတစ်ယောက်ကိုမျှပျက်စီးစေခြင်းငှါအလိုတော်မရှိ”ဟုသခင်ခရစ်တော်ကိုယ်တိုင်မိန့်ကြားခဲ့သည်။ကျွန်ုပ်တို့ကိုဤမျှလောက်အထိချစ်သည့်ဘုရားကိုမည်သို့တုံ့ပြန်သင့်ပါသနည်း။မိမိ၏အပြစ်လမ်းစဥ်များကိုပစ်ပယ်ပြီးကိုယ်တော်၏သိုးခြံထဲသို့ပြန်လည်ခိုလှုံသင့်သည်မဟုတ်လော့။
ယခင်ကသိလျက်နှင့်ဖြစ်စေ၊မသိ၍ဖြစ်စေ၊အားနည်းချက်ကြောင့်ဖြစ်စေဘုရားသခင်၏ပညတ်တော်များအားမစောင့်ထိန်းခဲ့သည့်အချိန်များအတွက်၊ထင်ရာစိုင်းခဲ့သည့်နေ့ရက်များအတွက်နောင်တယူပြီးအပြစ်ခွင့်လွတ်ခြင်းကိုတောင်းခံပါစို့။ကျွန်ုပ်တို့ကိုကောင်းကင်သုခစံစားစေလိုသောကြောင့်မိမိ၏သားတော်ကိုအသက်ပေးစေသည်အထိစွန့်လွတ်ပြသည့်ဘုရားကိုကျေးဇူးတင်ရင်းနောင်လာမည့်အနာဂတ်မှာဘုရား၏အချစ်နှင့်ထိုက်တန်အောင်မိမိတို့၏ဘဝကိုပြန်လည်ပြင်ဆင်ကြပါစို့။