Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-08-10 06:04:44
11 th of August, 2022
ပထမကျမ်း- ယေဇကျေလအနာဂတ်တိကျမ်း ၁၂း၁-၁၂
ဧဝံဂေလိကျမ်း ရှင်မာတေးဦး ၁၈း၂၁-၁၉း၁
Bro. Peter Nyi Nyi Aung, O.P
Posted by Sr. Sabina Hla Yee Win,ISR

ထောက်ရှုချက်

အကယ်၍လူတစ်ယောက်ကကျွန်တော့်ကိုမင်းဘဝမှာအခံပြင်းဆုံးအရာတစ်ခုကဘာလဲလို့မေးရင်၊ကျွန်တော့်ကိုထိပါးစော်ကားသွားတဲ့သူကိုကလဲ့စားပြန်မချေရဘဲနဲ့ဒီအတိုင်းပဲခွင့်လွှတ်ပေးလိုက်ရမှာကိုအခံပြင်းဆုံးပဲလို့ပြန်ဖြေမိမှာမလွဲမသွေပါပဲ။ဒါပေမယ့်ကျွန်တော့်မှာဒီလိုမျိုးအဖြေကိုဖြေဖို့အတွက်ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကခရစ်ယာန်တစ်ယောက်ဖြစ်နေလို့ပါ။ခရစ်ယာန်တစ်ယောက်အတွက်ခွင့်လွှတ်ခြင်းဆိုတဲ့ပါရမီကိုအကန့်အသတ်နဲ့ပဲထားဖို့ကဘယ်လိုမှမဖြစ်နိုင်တဲ့အရာပါ။ဒီကနေ့ဧဝံဂလိကျမ်ထဲမှာတပည့်တော်ကြီးသံပေတရူးက“သခင်၊ကျွန်ုပ်၏ညီအစ်ကို၊မောင်နှမများကျွန်ုပ်အပေါ်ကျူးလွန်သောထိပါးစော်ကားခြင်းများကိုအကြိမ်မည်မျှခွင့်လွတ်ရမည်နည်း။ခုနှစ်ကြိမ်လော။”လို့အကြိမ်အရေအတွက်နဲ့မေးထားပါတယ်။ဒါပေမယ့်သခင်ခရစ်တော်က“ခုနှစ်ကြိမ်မဟုတ်။သို့သော်အကြိမ်ခုနှစ်ဆယ်ခုနှစ်လီခွင့်လွတ်ရမည်။”လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ခုနှစ်ဆိုတဲ့ဂဏန်းကမြန်မာမှာဆိုရင်ကံကောင်းခြင်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်။ဂျူးတွေအတွက်ခုနှစ်ဆိုတဲ့ဂဏန်းကပြီးပြည့်စုံခြင်းဆိုတဲ့အဓိပ္ပာယ်ပါ။ဒီနေရာမှာခရစ်တော်ကတပည့်တော်ကြီးကိုထာဝရခွင့်လွတ်ဖို့ပြောခဲ့တာပါပဲ။

သိန်း၊သန်းချီတဲ့ရန်သူတွေကိုတိုက်ပွဲတစ်ပွဲအတွင်းမှာတင်ချေမှုန်းပစ်ဖို့ကလွယ်ရင်လွယ်ပါမယ်ဒါပေမယ့်လူတစ်ယောက်ကိုတစ်ခါလောက်လေးပဲခွင့်လွတ်ပေးဖို့ဆိုတာကတော့အင်မတန်မှအောင်နိုင်ဖို့ခက်ခဲလွန်းလှတဲ့တိုက်ပွဲတစ်ပွဲပါ။တစ်ခါလောက်ခွင့်လွှတ်ဖို့တောင်အဲဒီလောက်ခက်ခဲနေရင်သခင်ခရစ်တော်ပြောသလို"ထာဝရခွင့်လွှတ်ဖို့"ဆိုဘယ်လောက်ခက်ခဲလိမ့်မလဲ။ဘာလို့ဒီလောက်ခက်ခဲနေသလဲဆိုရင်ခွင့်လွှတ်ခြင်းရဲ့အရင်းနီးဆုံးမိတ်ဆွေတွေဖြစ်တဲ့ချစ်ခြင်းနဲ့သည်းခံခြင်းကိုကျွန်တော်တို့ကလစ်လျူရှုထားတတ်ကြလို့ပါ။သန့်ရှင်းသောဝိဉာဉ်တော်ဘုရားကျွန်တော်တို့တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက်ချစ်ခြင်း၊သည်းခံခြင်း အပါအဝင်အသီးအပွင့်(၁၂)ပါးကိုပေးထားပြီးသားပါ။ကျွန်တော်တို့လုပ်ရမှာကဒါတွေကို ပြုစုပျိုးထောင်ပေးဖို့ လောက်ပါပဲ။

လူတစ်ယောက်ကိုချစ်တတ်လာရင်သူ့အလိုလိုခွင့်လွှတ်တတ်တဲ့စိတ်ကဖြစ်တည်ပြီးသားပါ။အလားတူပဲ ကိုယ်ကတစ်ပါးသူအပေါ်ကိုအမြဲသည်းခံပေးနေရင်ခွင့်လွှတ်ဖို့ဆိုတာတကူးတကလုပ်နေစရာမလိုတဲ့အရာတစ်ခုပါ။ဒီလိုမှမဟုတ်ဘဲတစ်ပါးသူကိုခွင့်လွှတ်ပေးဖို့ဝန်လေးနေမယ်ဆိုရင်တော့လက်စားချေချင်တဲ့စိတ်၊ဒေါသထွက်တဲ့စိတ်ကချက်ချင်းဆိုသလိုပေါက်ဖွားလာမှာပါပဲ။“ဒေါသ”ဆိုတာအပြစ်ကြီး(၇)ခုထဲကတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မမေ့သင့်ပါဘူး။ဒေါသမီးတောက်လောင်လာပြီဆိုရင်တစ်ပါးသူကိုခွင့်လွှတ်ပေးဖို့မပြောနဲ့လူကိုတောင်လူလို့မမြင်တတ်ကြတော့ပါဘူး။ဒီဒေါသကအမြစ်တွယ်လာပြီဆိုရင်အမုန်းတရားဆိုတဲ့အပင်တစ်ပင်အဖြစ်နဲ့ပေါက်ဖွားလာတတ်တယ်ဆိုတာကိုကျွန်တော်တို့သတိထားဖို့လိုပါတယ်။ပေါက်ဖွားလာတဲ့

အမုန်းတရားကလည်းအမုန်းခံရတဲ့သူထက်မုန်းတတ်တဲ့သူကိုပဲဒဏ်ရာပြန်ရစေတာပါပဲ။ဒီတော့ကိုယ့်ကိုယ်ကိုဘာလို့ဒဏ်ရာတွေပြန်ပေးနေမှာလဲ။ခွင့်လွှတ်ပေးလိုက်ပါ။ခွင့်လွှတ်ခြင်းကကျွန်တော်တို့ရဲ့အတွင်းစိတ်လုံးကိုငြိမ်းချမ်းစေတဲ့အဓိကသော့ချက်ပါပဲ။

ဒီနေ့ဧဝံဂလိကျမ်းထဲမှာခရစ်တော်ပြောတဲ့ပုံဥပမာကကျွန်တော်တို့ကိုဘာသတိပေးနေသလဲဆိုရင်“ဘုရားသခင်ကကျွန်တော်တို့ကိုပေးသနားတဲ့ခွင့်လွှတ်ခြင်းတရားကိုကျွန်တော်တို့အနေနဲ့တစ်ပါးသူကိုပြန်ပြီးတော့လက်ဆင့်မကမ်းနိုင်ဘူးဆိုရင်ဒီခွင့်လွှတ်ခြင်းတရားကိုပြန်လည်ရုတ်သိမ်းမယ်ဆိုတာပါပဲ။”ဘုရားသခင်ရဲ့သနားကြင်နာခြင်းကိုလိုချင်တဲ့သူတိုင်းဟာလည်းတစ်ပါးသူအပေါ်သနားကြင်နာခြင်းကိုပြန်လည်ပြသဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ရဲ့ဘုရားဟာထာဝရခွင့်လွှတ်တတ်တဲ့ဘုရားပါ။ကျွန်တော်တို့ဘယ်လောက်ပဲအပြစ်လုပ်လုပ်၊ဘယ်လောက်ပဲဆိုးဆိုးကျွန်တော်တို့ကိုသူ့ဆီပြန်လာအောင်ဆွဲခေါပြီးအမြဲတမ်းခွင့်လွှတ်ဖို့အသင့်ဖြစ်နေတဲ့ဘုရားပါ။ဘုရားသခင်ကကျွန်တော်တို့အားလုံးကိုဒီလောက်ခွင့်လွှတ်ပေးနေပေမယ့်လည်းကျွန်တော်တို့ရဲ့အနီးအနားမှာရှိနေတဲ့သူတွေကိုတောင်နွေးထွေးမှုလေးမြူတစ်မှုန်စာလောက်ပေးရမှာကိုတွန့်တိုနေတာကတော့တကယ်ဝမ်းနည်းစရာပါ။

ဒီတော့ကျွန်တော်တို့တွေအနေနဲ့လူသားတစ်ဦးတစ်ယောက်ချင်းစီကိုဘုရားကိုယ်ပွားအဖြစ်နဲ့မြင်သင့်ပါတယ်။ဘုရားဟာချစ်ခြင်းမေတ္တာဖြစ်တဲ့အတွက်လူတစ်ဦးကိုလည်းချစ်ခြင်းမေတ္တာအမြင်နဲ့ပဲကြည့်မယ်ဆိုရင်ခွင့်လွှတ်ပေးဖို့ဆိုတာထွေထွေထူးထူးစဉ်းစားနေစရာမလိုတော့ပါဘူး။ကျွန်တော်တို့အပေါ်တစ်ပါးသူကကျူးလွန်ခဲ့တဲ့အပြစ်တွေကိုကျွန်တော်တို့ဘုရားသခင်ကိုဆန့်ကျင်ပြီးလုပ်ခဲ့တဲ့အပြစ်တွေနဲ့နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်ဘာမှမပြောပလောက်ပါဘူး။ကျွန်တော်တို့ကဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းနဲ့မထိုက်တန်တာတောင်မှဘုရားသခင်ကခွင့်လွှတ်ပေးတယ်။ဒီတော့ကျွန်တော့်တို့ရဲ့အပြစ်တွေအတွက်ခွင့်လွှတ်ခြင်းရဖို့ဒုက္ခစရိယာခံထမ်းခဲ့တဲ့ခရစ်တော်ကိုမြင်ယောင်ရင်းကျွန်တော်တို့ကိုယ့်ကိုယ်ကိုပြန်လည်ဆန်းစစ်ဖို့လိုတာက“ကျွန်တော်တို့ရရှိခံစားရတဲ့ခွင့်လွှတ်ခြင်းကိုတစ်ပါးသူအပေါ်ဘယ်အတိုင်းအတာထိပြန်ပေးနိုင်ပြီလဲ၊ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်တစ်ပါးသူကိုခွင့်လွှတ်ပေးဖို့အဆင်သင့်ဖြစ်ပြီလား”ဆိုတာပါပဲ။ဒီတစ်နေ့တာအတွက်ပဲမဟုတ်ပါဘူး၊တစ်ဘဝစာအတွက်ပေးနေရမယ့်အရာတစ်ခုပါ။ ။

Daily Reflection