Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-08-12 10:26:36

13 th August, 2022

ပထမကျမ်း- ယေဇကျေလအနာဂတ်တိကျမ်း ၁၈း ၁-၁၀, ၁၃ခ,၃၀-၃၂

ဧဝံဂေလိကျမ်း ရှင်မာတေးဦး ၁၉း၁၃-၁၅

Bro.John Ai Thet Shwe Oo, O.P

Posted by Sr. Sabina Win,ISR

 

 

 

ထောက်ရှုချက်

ကျွန်တော့်အမေပြောလေ့ရှိတာက“ငါ့ဘဝကိုငယ်ရွယ်သန်စွမ်းတဲ့ဘဝနဲ့ဘဲတစ်သက်လုံးနေသွားချင်တယ်။ဒါမှ အလုပ်လည်းလုပ်နိုင်မယ်။ငါ့သားသမီးတွေကိုကျွေးမွေးပြုစုနိုင်မယ်။ခုတော့အသက်အရွယ်လည်းရလာသလို ကျန်းမာရေးလည်းချို့ယွင်းနေပြီ။”ဆိုပြီပြောလေ့ရှိပါတယ်။ဒါကအမေ့မေတ္တာပါ။အမေလိုချင်တာကလူငယ်ဘဝပါ။ ဒါပေမဲ့ကျွန်တော်ကတော့အပူပင်ကင်းတဲ့ကလေးဘဝကိုပြန်လိုချင်မိတယ်။ပြေးဆော့ကစားလိုက်၊မိုးသီးကြွေရင်မိုးသီးကောက်လိုက်၊ဗိုက်ဆာရင်တော့ထမင်းအိုးပြန်နှိုက်လိုက်နဲ့ပျော်စရာကလေးဘဝပါ။အသက်နှစ်ဆယ်ကျော်လာတဲ့အခါမှာသိလာတာကမိဘများဟာမိသားစုစားဝတ်နေရေးအတွက်ခက်ခဲပင်ပန်းကြီးစွာနဲ့ကြိုးစားရှာဖွေနေကြရတယ်ဆိုတာပါပဲ။အဲဒီတော့မိဘမေတ္တာကိုပိုမိုသိလာသလိုကလေးဘဝဟာတန်ဖိုးရှိတဲ့အခွင့်ထူးခံလူတန်းစားဆိုပြီးနားလည်လာတယ်။

ဒါပေမဲ့ဒီလိုအကြပ်အတည်းကာလမှာသိန်းနဲ့ချီတဲ့ပြည်သူတွေအိုးအိမ်စွန့်ခွာနေရတယ်။လူပေါင်း၁၄.၄သန်းသော မြန်မာပြည်ကလေးများဟာအယောက်တစ်ရာမှာငါးယောက်လောက်ကအသက်ဘေးအန္တရာယ်ရှိပြီးအကူအညီ လိုအပ်နေတယ်လို့မီဒီယာမှာကျွန်တော်ဖတ်ဖူးပါတယ်။ဆိုတော့ယနေ့ကလေးတွေကကျွန်တော့်ကလေးဘဝလိုမျိုး ပြေးဆော့ကစားရမည့်အရွယ်မှာဗုံး၊သေနတ်ကျည်ဆံတွေကြားအသက်လုပြီးပြေးလွှားနေကြရတယ်။တစ်ချို့သော ကလေးတွေကအသက်ဆုံးရှုံးလိုက်ရတယ်။သူတို့ရဲ့မိဘညီအစ်ကိုတွေကိုဆုံးရှုံးရတယ်။အများစုတော့အဓ္ဓမပြုခံရတယ်။ဒီတော့ကယ်သူမဲ့ဘဝရောက်နေတဲ့ကလေးတွေလောကမှာတစ်ပုံကြီး။ဝမ်နည်းဖို့သိပ်ကောင်းတာပဲ။၂၁ရာစုမှာသိတတ်အရွယ်ကလေးတွေကတော့သူတို့ကိုယ်တိုင်မျက်ဝါးထင်ထင်ကြုံတွေ့နေရတော့သူတို့ရဲ့ဘဝတစ်လျှောက်လုံးမှာအကြောက်တရားနဲ့နာကြည်းမှုတွေကတော့ထင်ကျန်နေမှာပါ။ကျွန်တော်ငယ်ငယ်တုန်းကလိုမျိုးခုခေတ်ကလေးတွေမိုးသီးကြွေရင်တောင်မိုးသီးတွေကိုကောက်ရဲတော့မှာမဟုတ်ဘူး။

ဒီနေ့ဧဝံဂေလိကျမ်းထဲမှာသခင်ယေဇူးက“ကောင်းကင်နိုင်ငံတော်ဟာဒီလိုအပြစ်ကင်းတဲ့ကလေးတွေနေထိုင်ရာနေရာဖြစ်တယ်။”ဆိုပြီးဟောကြားခဲ့ပါတယ်။ဟုတ်ပါတယ်။ကလေးတွေဆိုတာဖြူစင်တယ်။ရိုးသားတယ်။အပြစ်ကင်းကြတယ်။ရိုးသားဖြူစင်တဲ့လူတစ်ယောက်ကိုကျွန်တော်တို့က“အပြစ်ကင်းလိုက်တာ။ကလေးကျနေတာပဲ။”ဆိုပြီးပြောတတ်ကြတယ်။အဲဒီတော့ကျွန်တော်တို့ဘဝမှာကလေးတစ်ယောက်လိုတကယ်ရိုးသားနေပြီလားဆိုတာကျွန်တော်တို့ကိုကျွန်တော်တို့ပြန်မေးကြည့်ဖို့လိုပါတယ်။ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကိုပြန်လည်စမ်းစစ်ကြည့်ကြရအောင်။ကျွန်တော်တို့ရဲ့အပြောအဆို၊အကျင့်အကြံ၊အလုပ်အကိုင်များဟာရိုးသားဖြူစင်ဖို့လိုတယ်။ လူသားနဲ့အပြစ်ရယ်ကအမြဲဒွန်တွဲနေမှာပဲ။ဒါပေမဲ့ကျွန်တော်တို့ကဘုရားသခင်အပေါ်ရိုးသားမှုရှိရင်ကျွန်တော်တို့ကအပြစ်ပြုစရာအကြောင်းမရှိဘူး။စိန့်ဩဂုတ်စတင်းက“အရင်ဦးဆုံးဘုရားကိုချစ်ပါ။ပြီးမှသင်ကြိုက်တာလုပ်ပါ။”ဆိုပြီးမိန့်ကြားဖူးပါတယ်။ဘုရားကိုချစ်မှတော့ကိုယ်တော်မကြိုက်တာဘယ်လုပ်တော့မှာလဲ။ဟုတ်တယ်မလား။ဘုရားသခင်ကိုဆန့်ကျင်တဲ့အရာဟူသမျှဟာအပြစ်ဖြစ်တယ်။အဓမ္မအမှုကိုစွန့်ပြီးအကျင့်ပြောင်းလဲဖို့ဘုရားသခင်ကျွန်တော်တို့ကိုအလိုရှိတယ်။ဒုစရိုက်မှာကျင်လည်နေရင်ကျွန်တော်တို့ရဲ့သွေးသားဆန္ဒအတွက်တခဏတာပျော်ရွှင်မှုရပေမဲ့ကျွန်တော်တို့ရဲ့မနော၊ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်ဟာသေနေတာနဲ့အတူတူပဲ။ဘယ်တော့မှစစ်မှန်တဲ့ပျော်ရွှင်မှုကိုမရနိုင်ဘူး။

စစ်မှန်တဲ့ပျော်ရွှင်မှုကိုပေးစွမ်းနိုင်သူကကျွန်တော်တို့ရဲ့တစ်ဆူတည်းသောဘုရားသခင်ပါ။ဘုရားနဲ့နီးစပ်ရင်ကျွန်တော်တို့ကကောင်းကင်နိုင်ငံရောက်နေတာနဲ့သိပ်မကွာဘူး။ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝမှာကလေးတစ်ယောက်လိုအမှန်တရားကိုမြတ်နိုးပြီးရိုးရှင်းတဲ့ခရစ်ယာန်အသက်တာကိုတည်ဆောက်ကြပါစို့။ဒုက္ခအတိရောက်နေတဲ့လေးသူငယ်များအတွက်လည်းဝိုင်းဝန်းကူညီဆုတောင်းပေးကြပါစို့။

 

Daily Reflection