14 th August, 2022
ပထမကျမ်း ဗျာဒိတ်တော်ကျမ်း ၁၁း၁၉က, ၁၂း၁-၆က,၁၀
ဒုတိယကျမ်း ပကော်ရိသူးသြဝါဒစာ ၁၅း၂၀-၂၇
ဧဝဂေလိကျမ်း ရှင်လုကာ ၁း၃၉-၅၆
Fr. Joseph Pakhu, OP
Posted by Sr. Sabina Hla Yee Win, ISR
ထောက်ရှုချက်
ဤနေ့သည်သာသနာတော်မှ(Assumption of the blessed virgin Mary into heaven) မယ်တော်သခင်မကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသောပွဲနေ့ကိုကျင်းပသောနေ့ဖြစ်သည်။မယ်တော်မာရိယာနှင့်ပတ်သက်၍သာသနာတော်သည်မယ်တော်ပွဲနေ့ကြီး(Solemnity)လေးပွဲကျင်းပပါသည်။ထိုမယ်တော်ပွဲနေ့ကြီးလေးခုမှာ
(၁)ဘုရား၏မယ်တော်ပွဲနေ့(Mary mother of God)
(၂)အပြစ်မဲ့သန္ဓေယူသောမယ်တော်ပွဲ (Immaculate conception of Mary)
(၃)ထာဝရအပျိုကညာပွဲ (Perpetual Virgin Mary)
(၄)မယ်တော်သခင်မ၏ ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသောပွဲ(Assumption of the blessed virginMary)တို့ဖြစ်သည်။ထိုပွဲတော်နေ့များအပြင်မယ်တော်မာရိယာကိုသဒါကြည်ညိုသောမယ်တော်ပွဲများစွာရှိသေးသည်။ဘုရား၏မယ်တော်ပွဲကိုဇန်နဝါရီ(၁)ရက်နေ့တွင်ကျင်းပသည်။မယ်တော်မာရိယာသည်သခင်ခရစ်တော်၏မိခင်ဖြစ်သည်နှင့်အညီသူမအားဘုရား၏မယ်တော်ဟူသောဂုဏ်ပုဒ်ဖြင့်ဂုဏ်ပြုခြင်းဖြစ်သည်။အပြစ်မဲ့သန္ဓေယူသောမယ်တော်ပွဲကိုဒီဇင်ဘာ၈ရက်နေ့တွင်ကျင်းပသည်။မယ်တော်မာရီယာသည်ကျွန်ုပ်တို့နှင့်မတူသောအချက်မှာအပြစ်ရင်း(originalsin)မပါဘဲမွေးဖွားလာခြင်းဖြစ်သည်။အကြောင်းရင်းမှာမယ်တော်သခင်မသည်သူမ၏ဝမ်း၌လောက၏ကယ်တင်ရှင်ခရစ်တော်ကိုမွေဖွားပေးမည်ဖြစ်သောကြောင့်အပြစ်ရင်း(originalsin))၏ကူးစက်မှုမရှိအောင်ဘုရားကသူမကိုသီးသန့်ရွေးချယ်ထားပြီးအပြစ်ရင်းမှကင်းလွတ်စေသည်ဟုကက်သလစ်သာသနာတော်ကယုံကြည်လက်ခံထားသည်။သူမသည်ကျေးဇူးတော်နှင့်ပြည့်ဝသောမိန်းမဖြစ်သည်။ကျေးဇူးတော်နှင့်ပြည့်ဝခြင်းသည်အပြစ်လုံးဝကင်းစင်ခြင်းဖြစ်သည်။မယ်တော်၏ထာဝရအပျိုကညာပွဲကို(Perpetual Virgin Mary) မတ်လ၂၅ရက်နေ့တွင်ကျင်းပသည်။အမိမယ်တော်သည်သခင်ခရစ်တော်ကိုမွေးဖွားသန့်စင်ပေးခဲ့သော်လည်းသူမသည်ထာဝစဉ်အပျိုစင်ဖြစ်ကြောင်းသာသနာတော်မှသွန်သင်ထားသည်။သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးတော်ကြောင့်သခင်ခရစ်တော်ကိုမွေးဖွားခဲ့ပြီးသောမယ်တော်မာရိယာသည်အပျိုစင်ဘဝကိုမဆုံးရှုံးဟုသာသနာတော်ကယုံကြည်သည်။နောက်ထပ်အရေးကြီးသောပွဲတော်နေ့ကြီးမှာယနေ့ကျွန်ုပ်တို့ကျင်းပကြသော“မယ်တော်သခင်မကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသောပွဲနေ့’ဖြစ်သည်။ကျွန်ုပ်တို့သေဆုံးသွားသောအခါကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည်မြေ၌မြှုပ်နှံခြင်းခံရပြီးအသက်ဝိညာဉ်မူကားကောင်းကင်နိုင်ငံတော်၌ဝင်စားမည်သို့တည်းမဟုတ်ငရဲဒါဏ်ခံရမည်ဖြစ်သည်။ဘုရားသခင်၏နောက်ဆုံးတရားစီရင်သောနေ့ရက်ရောက်မှသာခန္ဓာနှင့်ဝိညာဥ်ပြန်လည်ပေါင်းစည်းစေပြီးမိမိတို့အကျင့်သီလအလျောက်ထာဝရစံစားရမည်သို့မဟုတ်ထာဝရငရဲဒဏ်ခံရမည်ဟုသာသနာတော်မှသွန်သင်ထားသည်။သို့သော်မယ်တော်မာရိယာမူကားသူမအသက်ဇီဝချုပ်ငြိမ်းသည်နှင့်သူမ၏ခန္ဓာနှင့်ဝိညာဉ်သည်ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရကြောင်းကက်သလစ်သာသနာတော်မှ သွန်သင်ထားသည်။
ကျမ်းစာတော်ြမတ်၌မယ်တော်သခင်မပြောသောစကားများများများစားစားမတွေ့ရပေ။မယ်တော်သခင်မ၏ပထမဆုံးသောစကားကိုသိကြားတမန်တော်ဂေဘရယ်ကသူမအားအမိန့်တော်ပြန်တော်မူသောအခန်း၌တွေ့ရပြီးသူမပြောသောစကားမှာ“အမိန့်တော်အတိုင်းကျွန်မ၌ဖြစ်ပါစေ”သာဖြစ်သည်။မယ်တော်သခင်မ၏နောက်ထပ်စကားတစ်ခွန်းကိုကာနန်မြို့လက်ထပ်ပွဲဖြစ်စဉ်၌တွေ့ရှိရသည်။ထိုပွဲ၌မယ်တော်သည်သူမ၏သားယေဇူးအား“သူတို့စပျစ်ရည်ကုန်လေပြီ”ဟူ၍မိန့်ကြားခဲ့သည်။မယ်တော်မာရိယာသည်ယေဇူးချစ်သောတပည့်တော်ကြီးနှင့်အတူသခင်ခရစ်တော်၏ကားတိုင်တော်ရင်း၌လည်းအတူရှိခဲ့သည်။သခင်ခရစ်တော်ကကားတိုင်ပေါ်၌ဒုက္ခခံစားနေရစဉ်သူမအား“အချင်းမိန်းမသင်၏သားကိုကြည့်လော့”ဟုပြောခဲ့သည်။ထိုအချိန်မှစ၍မယ်တော်သည်ယေဇူးချစ်သောတပည့်တော်၏မိခင်ဖြစ်လာသည်နည်းတူသာသနာတော်တစ်ခုလုံး၏မိခင်ဖြစ်လာခဲ့သည်။မယ်တော်မာရိယာ၏စကားတော်နှင့်လုပ်ဆောင်ချက်များကိုဆန်းစစ်ပါကသူမသည်ဘုရားကိုအစဉ်အမြဲနာခံပြီးသူမ၏သားတော်ယေဇူးပြောသောစကားများကိုလည်းနှလုံးသွင်းမှတ်ယူတတ်သည်။မယ်တော်သည်လောက၏ကယ်တင်ရှင်ဖြစ်သောသခင်ခရစ်တော်ကိုမွေးဖွားပေးခြင်း၊ဘုရား၏အမိန့်တော်များကိုနာခံပြီးပူးပေါင်းပါဝင်ခြင်းစသည့်ဘုရား၏လူသားကယ်တင်ခြင်းလုပ်ငန်းများ၌အရေးပါသောအခန်းကဏ္ဏများတွင်ပါဝင်ပေးခဲ့သောကြောင့်သားတော်ယေဇူး၏ဘုန်းဂုဏ်တော်၌မျှဝေစံစားထိုက်သူဖြစ်သည်။ထို့ကြောင့်မယ်တော်သခင်မသည်ဝိညာဥ်နှင့်ခန္ဓာနှစ်ပါးလုံးကောင်းကင်ဘုံသို့ပင့်ဆောင်ခံရခြင်းဖြစ်သည်။မယ်တော်မာရိယာသည်သူမ၏သန့်ရှင်းခြင်း၊ကျေးဇူးတော်နှင့်ပြည့်ဝတော်မူခြင်း၊ဘုရား၏မိခင်အဖြစ်ရွေးချယ်ခံခြင်းစသည်သည်ဘုရား၏ကျေးဇူးတော်ကြောင့်၊ကိုယ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့်သနားဂရုဏာတော်ကြောင့်သာထိုသို့သောအခြေအနေသို့ရောက်ရှိပြီးဘုရား၏မိခင်ဖြစ်အရွေးချယ်ခံရသည်ဟုဤနေ့ဧဝံဂေလိကျမ်း၌ဘုရားအားအမွန်းတင်ထားသော်လည်းထိုပြည့်စုံခြင်းသို့ရောက်ရှိရန်သူမဖက်မှလည်းများစွာကြိုးစားခဲ့ရသည်။ဘုရားသခင်ကမ်းလှမ်းလာသောလူသားကယ်တင်ခြင်းကဏ္ဏသည်နားလည်ရန်ခက်ခဲသည်သာမကလက်ခံအကောင်အထည်ဖေါ်ပေးရန် မလွယ်ကူသော်လည်းဘုရား၏အလိုတော်ကိုနာခံပြီးသူမဖြည်းဆည်းပေးခဲ့သည်။
မယ်တော်သခင်မ၏သာဓကကိုကျွန်ုပ်တို့အားလုံးအတုယူကြရမည်ဖြစ်သည်။ကျွန်ုပ်တို့အားဘုရားသခင်ကမ်းလှမ်းလာသော၊ခင်းပေးသောဘဝခရီးလမ်းသည်တခါတရံနားလည်ရန်ခက်ခဲနိုင်သော်လည်းမယ်တော်ကဲ့သို့ဘုရားသခင်အပေါ်ယုံကြည်ပုံအပ်၍လျှောက်လှမ်းကြရမည်။မိမိ၏ဝိညာဥ်ကယ်တင်ခြင်းအတွက်သော်လည်းကောင်း၊ဘဝတူလူသားများ၏ဝိညာဥ်ကယ်တင်ခြင်းအတွက်သော်လည်းကောင်းကျရာကဏ္ဏ၌ဘုရားနှင့်အတူပူးပေါင်းလုပ်ဆောင်ကြရမည်။ဘုရားသခင်သည်ကျွန်ုပ်တို့၏သန့်ရှင်းခြင်းဖြောင့်မတ်ခြင်းအတွက်သော်လည်းကောင်း၊ကောင်းသောအသက်တာ၌ရှင်သန်နိုင်ရန်လည်းကောင်း၊ကောင်းကင်သုခကိုလှမ်းယူနိုင်ရန်လည်းကောင်းကျေးဇူးတော်လုံလောက်စွာပေးထားသည်ကိုသိမှတ်ပြီးဘုရား၏အကူအညီဖြင့်ဘဝကိုရှင်သန်ဖြတ်သန်းရမည်ဖြစ်သည်။
မယ်တော်သခင်မ၏ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသောပွဲတွင်မယ်တော်ကဲ့သို့ဘုရား၏အလိုတော်ကိုလိုက်နာဖြည်းဆည်းနိုင်ရန်နှင့်မိမိဘဝကိုဘုရားလက်ထဲပုံအပ်ပြီးလျှောက်လှမ်းနိုင်ရန်မယ်တော်၏ကြားဝင်ဆုပန်မှုကိုတောင်းခံကြပါစို့။မယ်တော်သခင်မကဲ့သို့ကောင်းကင်သုခစံစားနိုင်ဖို့ဘုရားနှင့်အမြဲပေါင်းစပ်ပြီးကျေးဇူးတော်အခြေအနေ၌ရှင်သန်နိုင်ရန်ကြိုးစားကြပါစို့။