25th August,2022 ( Thursday )
ပထမကျမ်း ။ ။ ၁ ကော် ၁း ၁-၉
ဧဝံဂေလိကျမ်း ။ ။ ရှင်မာတေးဦး ၂၄း ၄၂-၅၁
Fr. Paul Thu Reh, O P
Posted by Sr. Sabina Hla Yee Win, ISR
***ထောက်ရှုချက်***
လောကတွင်မည်သူမျှမသေချင်ပါ။သို့သော်မည်သူမျှလည်းသေခြင်းတရားနှင့်မလွတ်ကင်းနိုင်ကြပါ။ရောဂါဖြစ်ပြီးဖျားနာခြင်း၊မတော်တဆဖြစ်ခြင်း၊သို့မဟုတ်အသက်ကြီးရင့်လာြခင်းစသည့်အကြောင်းတစ်ခုခုကြောင့်သေခြင်းတရားကိုရှောင်လွှဲ၍မရဘဲ မလွဲမသွေရင်ဆိုင်ကြရသည်။လူတချို့သည်သေခြင်းအတွက်ပြင်ဆင်ထားပြီးဖြစ်သော်လည်း၊တစ်ချို့ကမူသေခြင်းအကြောင်းကိုမစဥ်းစားလိုသောသူများလည်းရှိသည်။လူအများစုသည်သေခြင်းကိုကြောက်ကြသည်။ထိုသို့ကြောက်ခြင်းသည်လည်းသဘာဝကျပါသည်။အဘယ့်ကြောင့်ဆိုသော်သေခြင်းကိုအနိုင်မယူနိုင်သောကြောင့်သို့မဟုတ်သေခြင်းမှလွတ်မြောက်နိုင်သောနည်းလမ်းကိုကျွန်ပ်တို့ရှာ၍မတွေ့သောကြောင့်ဖြစ်သည်။သေခြင်းတရားရောက်လာသောအခါကျွန်ုပ်တို့ဖြစ်ခဲ့သမျှ၊ရရှိပိုင်ဆိုင်ခဲ့သမျှ၊အောင်မြင်မှုမှန်သမျှချန်ထားပစ်ရမည်၊လက်လွတ်ရမည်ဖြစ်သည်။
ရှေးလူကြီးအချို့ကဤသို့စကားဆိုခဲ့ကြသည်။“တစ်နေ့နေ့သေရမှာပဲ၊စားသောက်၊ပျော်ပျော်ပါးပါးနေစမ်းပါ”ဟူ၍သေခြင်းတရားကိုမေ့လျော့ကာဘဝကိုအပြည့်အဝရသာခံပြီးနေထိုင်ရန်နှိုးဆော်ခဲ့ကြသည်။ထိုကဲ့သို့သောနေထိုင်ခြင်းသည်လူတချို့အတွက်စိတ်ကျေနပ်မှုပေးနိုင်သော်လည်းလူအများစုအတွက်မူသေခြင်းတရားနှင့်ပတ်သက်ပြီးကြောက်ရွံ့ထိတ်လန့်နေမှုကိုဖယ်ရှားပစ်ရန်ခက်ခဲနေဆဲဖြစ်သည်။သေခြင်းကိုမေ့ပစ်ရန်ကြိုးစားကြသော်လည်းသို့မဟုတ်မတွေးမိရန်နေနေကြသော်လည်းသေခြင်းအတွက်ပြင်ဆင်ရန်အတွက်မူမကြိုးစားကြပေ။
ယနေ့ဧဝံဂေလိကျမ်းတွင်သေခြင်းအတွက်နိုးနိုးကြားကြားရှိရန်သခင်ခရစ်တော်ကကျွန်ုပ်တို့ကိုသတိပေးသည်။ကိုယ်တော်နောက်တစ်ဖန်ပြန်လာသည့်အချိန်တွင်အသင့်ရှိရန်သတိပေးခြင်းဖြစ်သည်။လူ့လောကထဲအသက်ရှင်စဥ်တွင်အကျိုးရှိသောအသက်တာမျိုးကိုသာရှင်သန်နေထိုင်ရန်လိုအပ်သည်။သေခြင်းအတွက်အမြဲတမ်းကြိုတင်ပြင်ဆင်ကာ၊အဆင်သင့်ရှိနေဖို့လိုအပ်သည်။ကျွန်ုပ်တို့၏သခင်ဖြစ်သောသခင်ယေဇူးသည်မည်သည့်အချိန်တွင်ကြွလာပြီးကျွန်ုပ်တို့အားပြန်လည်ခေါ်ဆောင်မည်ကိုကျွန်ုပ်တို့မသိနိုင်ပါ။သတိဝိရိယရှိသောအစေခံများသည်နေ့စဥ်နေ့တိုင်း၊အချိန်တိုင်းတွင်မိမိတို့၏သခင်နှင့်အိမ်သူအိမ်သားများအားအစေခံရန်စောင့်ဆိုင့်ကြသူများဖြစ်သည်။ထိုသို့သောအစေခံမျိုးကိုသခင်ကမိမိ၌ဥစ္စာရှိသမျှကိုအစေခံအားပေးအပ်လိမ့်မည်ဟုသခင်ယေဇူးမိန့်ဆိုထားသည်။ဆိုလိုသည်မှာသခင်အပေါ်သစ္စာရှိပြီးသတိပညာရှိသောအစေခံများသာအမွေရကြမည်ဖြစ်သည်။ထို့ကြောင့်ဘုရား၏အမွေတော်ကိုရရှိခံစားရန်ကျွန်ပ်တို့လည်းသစ္စာရှိသောငယ်သားကောင်းများအဖြစ်နေ့စဥ်ကြိုးစားကျင့်ကြံကြပါစို့။