ဒီကနေ့ ဖတ်ရှုရတဲ့သမ္မာကျမ်းစာတွေကို ထောက်ရှုရင်းနဲ့ အဆိုတော်စိုင်းထီးဆိုင်ရဲ့ ”ကိုယ့်အချစ်နဲ့အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်။“ ဆိုတဲ့ သီချင်းစာကြောင်းလေးကို သွားသတိယမိပါတယ်။ ပထမကျမ်းစာထဲမှာ ကျွန်ုပ်တို့တစ်ဦးကိုတစ်ဦး ချစ်ကြဖို့၊ အပြန်အလှန်မေတ္တာထားဖို့၊ ပေးကမ်းစွန့်ကြဲဝေမျှဖို့၊ အနစ်နာခံဖို့ စတဲ့ အရာတွေကို ရှင်ယောဟန်က ထပ်မံပြီး တိုက်တွန်းထားပါတယ်။ ထို့ပြင် ”အဖခမည်းတော်ဘုရားရှင်သည် မိမိသားတော်ကို ငါတို့၏အပြစ်များအတွက် အပြစ်ဖြေရာယဇ်တော်အဖြစ် စေလွှတ်တော်မူခဲ့သည်။ (1 Jn 4:10) ဟူ၍ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို ထပ်မံ၍ဖော်ပြထားခဲ့ပါသည်။ ဧဝံဂေလိကျမ်းစာတွင် သခင်ခရစ်တော်က မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကို လူငါးထောင်ကို ကျွေးမွေးခြင်း အံ့ဘွယ်ရာသည်လည်း ဘုရားသခင်မှ လူသားတို့အပေါ် မည်မျှချစ်ခြင်း၊ စေတနာရှိခြင်းကို ဖော်ပြနေခြင်းပဲဖြစ်ပါသည်။ တခါတရံမှာ ကျွန်ုပ်တို့တတွေဟာ ပေးကမ်းဖို့မေ့နေပြီး ရယူဖို့ပဲ သတိယတတ်ကြပါတယ်။ ချစ်ဖို့မေ့နေပြီး အချစ်ခံဖို့ပဲ သတိယတတ်ကြပါတယ်။ ပြောဖို့ပဲသတိယပြီး နားထောင်ပေးဖို့ မေ့နေကြပါတယ်။ ဒါကြောင့် ကိုယ်စိုက်ပျိုးသလို ကိုယ်ရိတ်သိမ်းရမယ်ဆိုတဲ့ စကားအတိုင်း ကိုယ်ကိုယ်တိုင်ကနေ အစပြုကြပါစို့။ တစ်ဦးနဲ့တစ်ဦး မေတ္တာထားကူညီကြပါစို့။ နောက်ဆုံးအနေနဲ့ စာရေးဆရာ နီလာရိုင်းရဲ့ ”မေတ္တာစွမ်းအား“ ဆိုတဲ့ ကဗျာလေးထဲက စာပိုဒ်လေးတွေရဲ့ ပထမစာကြောင်းလေးတွေကို ဖတ်ရှုရင်း ခွန်အားယူကြပါစို့။
”မေတ္တာသည်လျှင် ရှင်သန်ခြင်း၏ အရင်းအမြစ်စွမ်းအားဖြစ်သည်။“
”မေတ္တာသည်လျှင် ကြင်နာမှုပေး၊ သောကလေးတွေ ငြိမ်းအေးစေခဲ့။“
”မေတ္တာစိတ်ထား၊ ပေါင်းစုထားက လူသားတို့မြေ စည်းလုံးနေအံ့။“
အိုဘုရားသခင် တပည့်တော်တို့၏ နှလုံးသားများထဲ၌ ကိုယ်တော်၏မေတ္တာစိတ်ကို ထည့်သွင်းပေးတော်မူပါ။ အာမင်။
ခရစ်တော်၏အလင်းကျေးဇူးတော်၌
#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)