(၂၂)ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့ (C)
တိုမုတ်စဩဝါဒ
(လု ၁၄:၇-၁၄)
Posted by Sr. Sabina Hla Yee Win, ISR
“မိမိကိုယ်ကို ချီးမြှောက်သောသူသည်နှိမ့်ချခြင်းခံရလိမ့်မည်။မိမိကိုယ်ကိုနှိမ့်ချသောသူသည်လည်းချီးမြှောက်ခြင်းခံရလိမ့်မည်၊၁၄:၁၁။”လူတိုင်းကတစ်ပါးသူတွေရဲ့အသိအမှတ်ပြုခြင်း၊ဂုဏ်ပြုချီးမွမ်းခြင်းကို ခံယူလိုကြတယ်။နုနယ်လှတဲ့ကလေးဘဝကစလို့လူကြီးတွေရဲ့အသိအမှတ်ပြုခံရဖို့အတွက်ငိုပြပြီးအပိုင်ရယူခဲ့ပါတယ်။ဆာရင်လည်းငို၊နာရင်လည်းငိုတတ်ကြတယ်လေး။အခုလိုဂုဏ်အမျိုးမျိုးကိုဆာငတ်ခြင်းကတစ်နေ့ပြီးတစ်နေ့ကြီးမားလာပြီးသေတဲ့နေ့အထိတိုင်လူနဲ့ကပ်ပါလာတတ်တယ်။ထင်ပေါ်ကျော်စောလိုစိတ်ရဲ့သားကောင်ဘဝထဲသတိမမူဘဲသက်ဆင်းရောက်ရှိရကြတယ်။သမ္မာသစ်ခေတ်မှာအသိအမှတ်ပြုခံခြင်း၊ဂုဏ်ကျော်စောလိုခြင်း၊အထင်ကရဖြစ်လိုခြင်းစက်ကွင်းမှလွတ်မြောက်သူတစ်ဦးကိုပြရရင်ရှင်ယောဟန်ဘာတ္တိဇံကိုညွှန်ပြရပါလိမ့်မယ်။ရှင်ယောဟန်က“ကိုယ်တော်သည်တိုးတက်ရမည်။ငါမူကားဆုတ်ယုတ်ရမည်(ယော ၃:၃၀)”လို့မိန့်ဆိုခဲ့ပါတယ်။ရှင်ယောဟန်ကသူဟာမက်ဆီးယားသခင်မဟုတ်ကြောင်းကိုအတိအလင်းဝန်ခံခဲ့ပြီး သခင်ဘုရားရဲ့လမ်းတော်ကိုပြင်ဆင်ပေးသူသာဖြစ်တယ်၊ခရစ်တော်သာဘုရားရဲ့သိုးငယ်တော်၊မက်ဆီးယာသခင်ဖြစ်ပြီးကိုယ်တော်ရဲ့ခြေနင်းတော်ကြိုးကိုတောင်ဖြေဖို့မထိုက်တန်သူတစ်ယောက်အဖြစ်သာခံယူခဲ့ပါတယ်။ရှင်ယောဟန်ဟာလေးစားဂုဏ်ပြုခြင်း၊ချီးကျူးထောမနာပြုခြင်းဟာဘုရားသခင်အတွက်သာဖော်ပြပေးဆက်ရမယ်ဆိုတာကိုကောင်းစွာသဘောပေါက်သိရှိသူဖြစ်တယ်။များစွာသောလူတို့ကတော့ဧဒင်ဥယျာဉ်ထဲကအာဒံနဲ့ဧဝတို့ခံခဲ့ရတဲ့ပထမဆုံးသောနှောက်ယှက်ခြင်း(သို့မဟုတ်)ဘုရားသခင်ကဲ့သို့ဖြစ်လာလိမ့်မယ်ဆိုတဲ့စုံစမ်းခြင်းမှာလဲကျနှစ်မွန်းကုန်ကြတယ်။ကနေ့ဧဝံဂေလိကျမ်းမှာခရစ်တော်ရှင်ကလူတို့ရဲ့ချီးမြှောက်ခြင်းကိုမခုံမင်မိစေဖို့သတိပေးသွန်သင်ထားပါတယ်။ချီးမြှောက်ခံခြင်းကိုအငမ်းမရတက်မက်လေ၊ပိုပြီးသောကများလေခံစာရနိုင်ကြောင်းဆင်ခြင်စေပါတယ်။မိမိရဲ့အရိပ်ကိုဖမ်းဆုပ်ဖို့ရှေ့ကိုတိုးရင်အရိပ်ဟာမိမိနဲ့ဝေးရာကိုထွက်ခွါတတ်ပြီးမိမိအရိပ်ကိုကျောခိုင်းလျှောက်သွားရင်အရိပ်ကမိမိနောက်ကိုသစ္စာရှိစွာကပ်လိုက်လာစမြဲပါ။ဘုရားရှင်ချပြထားတဲ့ပုံဥပမာအရဂုဏ်ပြုဧည့်ခံပွဲကိုတက်ရောက်ရင်အကောင်းဆုံးနေရာမှာဦးစွာမထိုင်ဖို့၊မိမိထက်ပိုပြီးဂုဏ်ရှိတဲ့သူရောက်လာခဲ့ရင်နေရာပေးလိုက်ခဲ့ရပါကမိမိဟာအရှက်ရသွားလိမ့်မယ်လို့ချင့်ချိန်သုံးသပ်စေပါတယ်။ခရစ်တော်ဘုရားရှင် စီရင်သင်ကြားပေးတော်မူတဲ့ဆုတောင်းမေတ္တာစာထဲမှာ“ကောင်းကင်ဘုံ၌ကျွန်ုပ်တို့၏အဘ၊ကိုယ်တော်၏နာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေ၊နိုင်ငံတော်သည်ရောက်ပါစေ၊ကောင်းကင်ဘုံ၌ဖြစ်သကဲ့သိုမြေကြီးပေါ်မှာလည်းကိုယ်တော်၏အလိုတော်သည်ပြည့်စုံပါစေ၊“လို့သွန်သင်ထားပေးပါတယ်။ဒီဆုတော်မေတ္တာစာမှာရိုသေလေးမြတ်ခြင်း၊ချီးကျူးထောမနာပြုခြင်းဟာဘုရားသခင်နဲ့တိုက်ရိုက်သက်ဆိုင်ကြောင်းမီးမောင်းထိုးပြနေပါတယ်။ညီအစ်ကိုမောင်နှမအပေါင်းတို့၊ဒီ”ကောင်းကင်ဘုံ၌”ဆုတောင်းမေတ္တာအားဖြင့်မိမိရဲ့ထင်ပေါ်ကျော်စောလိုစိတ်၊ဦးစားပေးခံလိုစိတ်တွေကရုန်းထွက်လွှတ်မြောက်နိုင်ဖို့ကျင့်ကြံကြပါစို့။ဘုရားသခင်ကိုမိမိကအလေးထားဦးစာပေးခဲ့ရင်မိမိကိုလည်းဘုရားသခင်ကသင့်လျော်လိုအပ်တဲ့တန်ဖိုး၊ဂုဏ်ကျက်သရေ၊ချီးမြှောက်ခြင်းတွေပေးသနားတော်မူပါလိမ့်မယ်။