(၅) ရက် စက်တင်ဘာလ ၂၀၂၂ ( တနင်္လာနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကား ၆း၉-၁၁)
by Nov. Naw Rose Mary Myin
Posted by Sr. Sabina Hla Yee Win, ISR
ထောက်ရှုချက်
“ဥပုသ်နေ့၌ကောင်းမှုကိုပြုအပ်သလော၊သို့မဟုတ်မကောင်းမှုကိုပြုအပ်သလော။လူ၏အအသက်ကိုကယ်အပ်သလောသို့မဟုတ်ဖျက်ဆီးအပ်သလော” ။ (ရှင်လုကား ၆း၉)
ဒီကနေ့အသက်ပေးနှုတ်ကပတ်တော်မြတ်ထဲမှာသခင်ယေဇူးရဲ့တိကျပြတ်သားပြီးပြောင်မြှောက်လှတဲ့ကောင်းမှုလုပ်ရပ်တစ်ခုကြောင့်ကောင်းတာလုပ်ဖို့သတ္တိကြောင်ပြီးအကောင်းနဲ့အဆိုးကိုမဝေဖန်မပိုင်းခြားနိုင်တဲ့ဖာရီဇေဦးတွေအတွက်အမျက်ကြီးထွက်ခဲ့ရပြီးသခင်ယေဇူးကို အခွင့်သာတဲ့တစ်နေ့မှာအဆုံးစီရင်ဖို့ချောင်းမြောင်းနေခဲ့ကြတယ်။
တကယ်တမ်းမှာတော့ဖာရီဇေဦးတွေဆိုတာမှန်ကန်တဲ့တရားဥပဒေတွေကိုလွှဲမှားစွာကျင့်ကြံအားထုတ်နေကြသူတွေပါ။ဒါကြောင့်သူတို့တွေဟာတရားဥပဒေနဲ့ပတ်သက်လာရင်သူတစ်ပါးကိုမတရားအပြစ်ရှာ၊နစ်နာအောင်လုပ်တတ်တဲ့သူတွေပါ။ကောင်းမြတ်တဲ့နှလုံးသားပိုင်ရှင်ယေဇူးသခင်ကတော့ဒုက္ခရောက်နေတဲ့သူတွေနဲ့တွေ့တဲ့အခါဘေးလူအရေးယူမှာကိုတွေးမပူဘဲဖေးကူတတ်တဲ့မေတ္တာရှင်ပါ။ဒီကနေ့နှုတ်ကပတ်တော်ထဲမှာသခင်ယေဇူးကလူ့ရဲ့အသက်နဲ့သိက္ခာဟာစည်းမျဉ်းဥပဒေဘောင်တွေထက်ကြီးမြတ်ကြောင်းကိုလူတွေကိုသိစေချင်လို့လက်တစ်ဖက်သေနေတဲ့သူရဲ့ဆုံးရှုံးသွားတဲ့အခွင့်အရေးတွေကိုပြန်လည်ရယူပေးပြီးဘုရားနဲ့ပြန်လည်ကြေအေးသင့်မြတ်အောင်လုပ်ဆောင်ပေးခြင်းဟာသူ့ရဲ့အပြစ်ကြောင့်ဆုံးရှုံးသွားခဲ့ရတဲ့ဘဝတန်ဖိုးတွေကိုပြန်လည်မြှင့်တင်ပေးခဲ့ခြင်းပဲဖြစ်တယ်။
ငွေတစ်ကျပ်အတွက်ကိုယ့်ရဲ့အရှက်နဲ့သိက္ခာကိုအထွတ်အမြတ်ထိပ်မှားထားလို့အားနည်းသူကိုဂုတ်သွေးစုပ်၊အခွင့်အရေးမရှိသူအပေါ်အမြတ်ကြီးထုတ်လို့စက်ဆုတ်ဖွယ်ကောင်းတဲ့အလုပ်မှန်သမျှကိုလုပ်ကိုင်နေသူတွေအတွက်တော့သခင်ခရစ်တော်ရဲ့သမ္မာတရားဟာသူတို့အတွက်အလကားပါပဲ။သခင်ခရစ်တော်ရဲ့နောက်လိုက်ကောင်းတွေဖြစ်ကြတဲ့သင်နှင့်ကျွန်ုပ်တို့ဟာသခင့်လိုပဲမေတ္တာတရားရှေ့မှာထားကာကိုယ်ကျိုးမငဲ့အနစ်နာခံပြီးအမှန်တရားအတွက်ဘဝကိုပေးဆပ်ရဲတဲ့သူ၊အားနည်းတဲ့သူတွေနဲ့အပြစ်မဲ့တဲ့သူတွေရဲ့အသက်နဲ့ဂုဏ်သိက္ခာကိုငြိုငြင်မှုမရှိဘဲကာကွယ်ပေးတတ်တဲ့သူများဖြစ်ကြမယ်ဆိုရင်ငြိမ်းချမ်းတဲ့ကမ္ဘာအသစ်ကိုကျွန်ုပ်တို့ဘယ်နေရာရောက်ရာက်တည်ဆောက်နိုင်ကြမှာဧကန်မုချပါ။