၉ရက်၊ စက်တင်ဘာလ ၂၀၂၂ ( သောကြာနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၆း ၃၉ - ၄၂)
by Sr. Susanna FMA
Posted by Sr. Sabina Hla Yee Win, ISR
***ထောက်ရှုချက်***
“သင်၏မျက်စိထဲမှာ သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ သို့မှသာ သင်သည်သင့်ညီအစ်ကို၏မျက်စိထဲမှ သစ်သားစကို ထုတ်ပစ်ရန် ကောင်းစွာမြင်နိုင်ပေလိမ့်မည်။”(ရှင်လုကာ ၆း ၄၂)
လူသားတွေကို ကောင်းလွန်းလို့ ချစ်တာမဟုတ်ပဲ မကောင်းပေမဲ့၊ မစုံလင်ပေမဲ့ အချစ်တစ်ခုတည်းနဲ့အမြဲချစ်နေတဲ့ သူဟာအားလုံးသိတဲ့ခရစ်တော်ဘုရားပဲ ဖြစ်ပါတယ်။ တခါတလေကျရင် တချို့လူတွေဟာမိမိထဲမှာရှိတဲ့ သစ်သားစ၊ သစ်တုံးကဲ့သို့သော အားနည်းချက်တွေ၊ မပြည့်စုံမှုတွေ၊ ကျဆုံးမှုတွေကို သတိမမူပဲနဲ့ တစ်ပါးသူတွေရဲ့ (သစ်သားစ၊သစ်တုံး)ကဲ့သို့သောမစုံလင်မှုလေးတွေ၊မတတ်နိုင်တာလေးတွေကိုပဲကြည့်ပြီး ဝေဖန်တတ်ကြတယ်၊ ကဲ့ရဲ့တတ်ကြပါတယ်။ ဒါကြောင့် မိမိရဲ့ အမြင်အာရုံလေးတွေ ပိုကောင်းလာပြီးတစ်ပါးသူတွေအပေါ် အကောင်းမြင်တတ်တဲ့ မျက်စိလေးတွေရှိပြီး ကောင်းစေလိုတဲ့ စိတ်ဓာတ်နဲ့အခြားသူတွေကို ကူညီပေးတတ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒီကနေ့ မိမိတို့ထဲမှာ ရှိတဲ့သစ်သားတုံး၊ သစ်သားစလေးတွေကို အရင်သိရှိပြီး ပြုပြင်ဖယ်ရှားဖို့ ကြိုးစားခြင်းဖြင့် မိမိရှိရာအရပ်မှာ တစ်ပါးသူတွေကို စိတ်ထားဖြူစင်စွာနဲ့ ကူညီတတ်တဲ့သူများ ဖြစ်လာနိုင်ဖို့နှိမ့်ချခြင်းနဲ့ ဆုတောင်းကြရအောင်…