(၁၀) ရက်၊ စက်တင်ဘာလ ၂၀၂၂ (စနေနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၆း၄၃-၄၉)
by Nov. Naw Rose Mary Myint
Posted by Sr. Sabina Hla Yee Win, ISR
***ထောက်ရှုချက်***
ယနေ့နှုတ်ကပတ်တော်တွင် သခင်ခရစ်တော်၏ပုံဥပမာပေးချက်မှာ အပင်နှင့်အသီးဖြစ်သည်။ အပင်သည်၎င်း၏ ဗီဇအတိုင်းကောင်းသောအသီးသို့မဟုတ် မကောင်းသောအသီးကိုသီးလေ့ရှိသည်။ ထိုအသီးကိုကြည့်ခြင်းအားဖြင့် အပင်၏တန်ဖိုးသိနိုင်သည်။ လူသည်လည်းထိုကဲ့သို့ပင် ဖြစ်သည်။ စိတ်သဘောထားဖြူစင်၍ ဝိညာဉ်ရေးရာကျန်းမာကြံ့ခိုင်သူသည် မိမိစိတ်နှလုံးဘဏ္ဍာတိုက်ထဲကကောင်းသောအရာကို ထုတ်ဖော်၍ အခြားသူများကိုပေးကမ်းဝေငှတတ်၏။ စိတ်နှလုံးမဖြောင့်မတ်သောသူမူကား မစင်ကြယ်သောအရာကို ထုတ်ဖော်လေ့ရှိ၏။ သခခရစ်တော်၏ နှုတ်တော်ထွက်တရားတော်ကိုနာခံ၍ မိမိ၏အနက်ရှိုင်းဆုံးနှလုံးသား၌ နေရာပေးကာ ရှင်သန်ကြီးထွားစေသူသည်ဉာဏ်ပညာနှင့် ပြည့်ဝသူဖြစ်ပြီး မည်သည့်စိန်ခေါ်မှုမျိုးလာလာ တုန်လှုပ်မှုမရှိပဲ ကျောက်ဆောင်ပေါ်တွင် ဆောက်သောအိမ်ကဲ့သို့တည်တံ့ခိုင်မြဲနေမည်သာ ဖြစ်သည်။ ဘုရားသခင်၏သွန်သင်ချက်များကို နားရှိ၍ကြားသော်လည်း နားထဲမဝင်၊ နေ့စဉ်အသက်တာမှာ လိုက်နာကျင့်ကြံခြင်းလည်းမရှိ၊ မိမိဘဝကိုအတွေးခေါ်ဖြင့် တည်ဆောက်ပြီးလောကအရာပေါ်မှာ စွဲလမ်းတက်မက်သောသူ၏ဘဝသည် သဲပေါ်တွင်ဆောက်သောအိမ်နှင့်တူသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏နှုတ်တော်ထွက်စကားကို စဉ်းစားဆင်ခြင်အောက်မေ့သောသူသည် နှုတ်ကပတ်တော်၌ မွေ့လျော်ခြင်းရှိ၍ စိတ်ဓာတ်ကျခြင်း၊ စိတ်ပျက်ခြင်းနှင့်ပူပင်သောကဟူသမျှမှ ကင်းဝေးပြီး ဝမ်းမြောက်ရွှင်လန်းမှုရှိသောဘဝကို ပိုင်ဆိုင်ရ၍မင်္ဂလာရှိသောအသက်တာ ပိုင်ဆိုင်သူဖြစ်သည်။ အချိန်တန်လျှင် အသီးသီးသော အသက်တာနှင့်ပြုလေသမျှတို့၌အောင်မြင်သောအသက်တာလည်း ဖြစ်သည်။
(ဆာလံကျမ်း၁း၂၃)။ ဘုရားသခင်ကိုကျွန်ုပ်တို့၏နှုတ်ဖျားမှ ‘သခင်သခင်’ဟု ခေါ်ဆိုရုံမျှနှင့်မလုံလောက်ပါ။ သူ့ရဲ့နှုတ်ကပတ်တော်အတိုင်း လိုက်နာခြင်းစောင့်ထိန်းကျင့်ကြံခြင်းရှိမှသာ သူတစ်ပါးအတွက် အကျိုးပြုတတ်သော၊ အသီးသီးသော သူ့ရဲ့နောက်လိုက်ကောင်းများ ဖြစ်လာကြမည်သာဖြစ်သည်။