(၁၈) ရက်၊ စက်တင်ဘာလ ၂၀၂၂ (တနင်္ဂနွေနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၁၆း ၁-၁၃)
by Sr. Margaret FMA
Posted by Sr.Sabina Hla Yee Win, ISR
***သမ္မာကျမ်းစာထောက်ချက်***
မရိုးသားသော ဘစိုးသည် အလုပ်ရှင်၏ ပိုင်ဆိုင်မှုများကိုလွဲမှားစေသောကြောင့် အလုပ်ပြုတ်သွားတော့မည်၊သူကိုယ်တိုင်အလုပ်ကြမ်းလုပ်ခြင်း သို့မဟုတ် တောင်းစားရန်လည်းရှက်သောကြောင့် သူ့အလုပ်ရှင်ထံ အကြွေးတင် နေသူများကို လှည့်ပတ်ကာ အကြွေးများလျော့ပေးသည်။ အလုပ်ပြုတ်ပြီးနောက် မိတ်ဆွေများရအောင် ပြုသည်။ ကျွန်ုပ်တို့ အံ့သြမိသည်မှာ အလုပ်ရှင်က မရိုးသားသော ဘစိုးကို ချီးကျူးဂုဏ်ပြုသည် အဘယ်ကြောင့်နည်း။ မရိုးသားသော ဘစိုးသည် နောင်တရခြင်းမရှိသောလည်း အလုပ်ရှင်၏ ဥစ္စာများကို တပါးသူအတွက် ဝေမျှပေးခဲ့သည်၊ အထူးသဖြင့် သူရရှိသော အခွင့်အရေးကိုအသုံးချကာ ဆင်းရဲသားတို့၏ အခက်အခဲကို ဖြေလျော့ပေးခဲ့သည်၊
ကြွေးရှင်များပင် သူ့၏ဥစ္စာများဖြင့် ဤကဲ့သို့ရက်ရောစွာ ပေးကမ်းခြင်း၊ ကောင်းမှုကိုပြုရန် အတွေးမရှိခဲ့ဖူးဟန်တူသည်။ သူသည် အကြွေးရှင်များကို မိတ်ဆွေ၊ ချစ်သူ၊ ခင်သူအဖြစ်ပြောင်းယူခဲ့သည်။ သူသည် မရိုးသားသော ဘစိုးဖြစ်သော်ငှားလည်း ပညာသတိရှိသူ ဖြစ်သည်။ ခက်ခဲသော အခြေအနေတစ်ခုကို ပါးနပ်စွာ တုံ့ပြန်နိုင်သောကြောင့် သူ၏သခင်သည် သူ့အားချီးကျူးခဲ့သည်။ ဤကဲ့သို့ ပါးနပ်သော ဘစိုးကို မချီးကျူးဘဲမနေနိုင်တော့ပေ။
ဤဘဝတွင် ကျွန်ုပ်တို့သည်လည်း မရိုးသားခြင်းများစွာ သို့မဟုတ် သစ္စာမဲ့ခြင်းများကို ဘုရားရှင် ကိုယ်တော်ရှေ့မှောက်တွင် အကြိမ်ကြိမ်ပြုငှားသော်လည်း နောက်ဆုံးသော စီရင်ခြင်းခံရမည့်နေ့တွင် သခင်၏ချီးကျူးဂုဏ်ပြုခြင်းကို ခံရစေရန် ပါးနပ်စွာ မည်သို့ ကျွန်ုပ်တို့၏ အခွင့်အရေးများကို အသုံးချမည်နည်း။ သူတစ်ပါး၏ ဝန်ကြီး၊ ဝန်ငယ်များပေါ့ပါးသွားစေရန် ကျွန်ုပ်တို့ မည်သို့ပါဝင်ကူညီနိုင်မည်နည်းဟု သုံးသပ်ဆုံးဖြတ်ရမည့်အချိန်ရောက်ပြီဖြစ်ကြောင်း ယနေ့ကျမ်းစာက ဖိတ်ခေါ်နေသည်။
ဤဘဝတွင် ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုများကို စွန့်ပစ်၍ သူခိုးမချဉ်းကပ်နိုင်၊ ပိုးယွမဖျက်ဆီးနိုင်သော နေရာတွင်သာ စစ််မှန်သောစည်းစိမ်ဥစ္စာတို့ကို ရယူရန် သခင်ခရစ်တော်အသိပေးနေသည်။ ကျွန်ုပ်တို့သည် သခင်နှစ်ပါးကို အစေခံ၍ မရ၊ ဘုရားသခင်နှင့် စည်းစိမ်ဥစ္စာကို အတူအစေမခံနိုင်၊ ဘုရားသခင်၏ နိုင်ငံတော်အတွက်ဆိုလျင် ကျွန်ုပ်တို့၏ ချမ်းသာကြွယ်ဝမှုများကို စွန့်ကျဲပေးကမ်းကြရန် ဖိတ်ခေါ်နေသည်။ ကျွန်ုပ်တို့၏ စည်းစိမ်ဥစ္စာသည် ဘုရားသခင်နှင့်သက်ဆိုင်ပြီး ကျွန်ုပ်တို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက်မဟုတ်ဘဲ ဘုရားသခင်၏ နိုင်ငံတော်အတွက် အသုံးပြုရန် ဖြစ်သည်။