”ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ဟောပြောစေခြင်းငှါ ကိုယ်တော်သည် ငါ့ကိုဆီဖြင့် လိမ်းကျံတော်မူပြီ။“ (Lk 4:18)
သခင်ခရစ်တော်၏ ကြွလာတော်မူခြင်းသည် ကျွန်ုပ်တို့အားလုံး၏ ဝမ်းမြောက်စရာဖြစ်သည်။ ဓမ္မဟောင်းမှ မျှော်လင့်စောင့်စားနေသော မက်ဆီးယားသခင် ကြွလာခြင်းဖြစ်သလို ဓမ္မသစ်ကာလ၌ ကယ်ချွတ်ရှင် ပေါ်ထွန်းလာခြင်းဖြစ်ပြီး ကျွန်ုပ်တို့လူသားများအဖို့ မျှော်လင့်ချက်ရောင်ခြည် ယှက်သန်းလာခြင်းဖြစ်သည်။ ကျွန်ုပ်တို့အနှစ်နှစ်အလလက မျှော်လင့်နေသောအရာ၊ ထိုအရာဖြစ်မြောက်လာဖို့ ကျွန်ုပ်တို့ကြိုးစားအားထုတ်ရင်း စောင့်စားနေသောအရာတစ်ခု ဖြစ်မြောက်အောင်မြင်သွားခြင်းသည် မည်မျှဝမ်းမြောက်ကျေနပ်ပြီး အားရလိမ့်မည်ကို တွေးကြည့်ရုံမျှဖြင့်ပင် သိနိုင်သည်။ သခင်ခရစ်တော်သည် အပြစ်သားများအတွက် ကြွလာတော်မူခြင်းဖြစ်သလို ဆင်းရဲသားများအတွက် ဝမ်းမြောက်ရာသတင်းကို ဟောပြောရန် ကြွလာတော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့၌ ဝိညာဉ်ခွန်အား နိမ့်ကျဆင်းရဲခြင်း၊ သူတစ်ပါးကို ကူညီဖို့ရန် တွန့်တိုခြင်း၊ ပေးကမ်းဖို့ရန် နှမြောခြင်း၊ ချစ်ခြင်းမေတ္တာ ဆင်းရဲခြင်းများ အားလုံးကို ကုသပေးဖို့ရန်လည်းကောင်း၊ အပြစ်နှင့် ချည်နှောင်ခြင်းခံရသော အပြစ်သားများ လွတ်မြောက်နိုင်ရန် ဖြေလွှတ်ပေးရန်လည်းကောင်း၊ ဘုရားသခင် ဘုန်းဂုဏ်တော်ကို ထင်ရှားစေရန်လည်းကောင်း ကြွလာခြင်းဖြစ်သည်။
သို့ဖြစ်သောကြောင့် ခရစ်တော်သခင် ကြွလာတော်မူခြင်းကို ထိုက်တန်စွာ ကြိုဆိုနိုင်ရန် ကျွန်ုပ်တို့၏နှလုံးသားများကို ပြင်ဆင်ကြပါစို့။
ခရစ်တော်၏အလင်းကျေးဇူးတော်၌
#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)