(၂၀) ရက်၊ စက်တင်ဘာလ ၂၀၂၂ (အင်္ဂါနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ (၈း၁၉-၂၁)
By Sr. Angela Lun FMA
Posted by Sr. Sabina Hla Yee Win, ISR
***ထောက်ရှုချက်***
သခင်ခရစ်တော်၏ အမိနှင့် ညီအစ်ကိုများဖြစ်ခြင်းသည် ကျွန်ုပ်တို့နေ့စဉ် ကြားနာရသော နှုတ်တော်ထွက်စကားကို လိုက်ကျင့်နေထိုင်ခြင်းက ဆုံးဖြတ်ပေးနေမည် ဖြစ်သည်။ နှုတ်တော်ထွက်စကားကို လိုက်ကျင့်နေထိုင်သောဒီလောကရှိ ရှိသမျှအရာများထက် ဘုရားသခင်တစ်ပါးတည်းကိုသာ အာရုံပြုနေရာပေးသူ ဖြစ်သည်။
" ကိုယ်တော်၏နှုတ်တော်ထွက်စကားသည် အကျွန်ုပ်၏ခြေတို့အတွက်မီးခွက်ဖြစ်၍ အကျွန်ုပ်သွားရာလမ်းကို အလင်းပေးပါ၏။ " (ဆာလံ ၁၁၉း၁၀၅) မိမိလျှောက်လှမ်းသည့် ခြေလှမ်းတိုင်းသည်လည်း ဘုရား၏အလင်းပေးမှုကို ခံယူရရှိသောကြောင့် ဘုရားမနှစ်သက် မကြိုက်သောအရာများလုပ် လိမ့်မည်မဟုတ်ပေ။ သူ၏ဆက်ဆံရေး နယ်ပယ်မှာလည်း လူတိုင်းအတွက် သူ့နှလုံးသားကို အမြဲဖွင့်လျှက် နေရာပေးသူဖြစ်သည့်အလျောက် မိမိအရေးထက် တပါးသူ၏ကောင်းကျိုးကို အစဉ်မျှော်ကိုးပြီး လုပ်ဆောင်တတ်သူလည်း ဖြစ်သည်။ အရာရာ၌ ညီအစ်ကိုမောင်နှမရင်းစိတ်ထားကာ သနားဂရုဏာ၊ မေတ္တာတရား၏ဦးဆောင်မှုဖြင့် ဆက်ကပ်ခြင်းနှင့် ပေးဆပ်ခြင်း ဘဝအသက်တာကို ပိုင်ဆိုင်ရရှိစေမည်။