(၂၁) ရက်၊ စက်တင်ဘာလ ၂၀၂၂ ( ဗုဒ္ဓဟူးနေ့)
ရှင်မာတေဦးပွဲနေ့
ဧဝံဂေလိကျမ်း (ရှင်မာတေဦး ၉း၉-၁၃)
By Sr. Maria Goretti Thuzar FMA
Posted by Sr. Sabina Hla Yee Win, ISR
***ထောက်ရှုချက်***
ချစ်ခြင်းမေတ္တာ၊ ကြင်နာသနားခြင်းနဲ့ပြည့်ဝနေတဲ့ကိုယ်တော်ရဲ့ နှလုံးသားမျက်စေ့က သူ့ရှေ့မှာရှိနေတဲ့အခွန်ခံသူတွေကို သနားစရာ၊ အကူအညီလိုနေတဲ့သူ့ရဲ့သားသမီးတွေရယ်လို့ သိမြင်ဆက်ဆံခဲ့ပေမဲ့ကျမ်းတတ်ဆရာတွေလို့ အများတကာ သိထားတဲ့ ဖာရာရှဲတွေကတော့ ကိုယ်တော်နှင့် ကျမ်းစာတော်မြတ်နှင့် နီးသယောင်ယောင်ရှိပေမဲ့ သူတို့ရဲ့နှလုံးသားတွေဟာ ကိုယ်တော်နဲ့ဝေးကွာ လွန်းလှပါတယ်။ လူချင်းနီးပေမဲ့ နှလုံးသားချင်းဝေးကွာရင်တော့ နီးလျက်နဲ့ဝေးဖြစ်တတ်ပါတယ်။ ကျွန်ုပ်တို့တစ်ဦးစီလဲ ဘာသာရေးအဖွဲ့အစည်း၊ လှုပ်ရှားမှု၊ ကိုးကွယ်ဝတ်ပြုမှုတွေမှာ ပါဝင်တာ အရမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ အဓိကကျတဲ့ ကိုယ်တော်နဲ့ နှလုံးသားချင်းနီးဖို့ (သို့မဟုတ်) သူ့ရဲ့ စိတ်ထားကို နှလုံးသွင်းနေထိုင်ဖို့က အဓိကအခြေခံကျလှပါတယ်။
" ငါ့နောက်လိုက်ပါ " ဆိုတဲ့ ယေဇူးသခင်ရဲ့ခေါ်သံဟာ ရှင်မာတေဦးရဲ့နှလုံးသားကို တည့်တည့်မတ်မတ် ထိစေခဲ့ပါတယ်။ ဒီခေါ်သံဟာ မာတေဦးရဲ့ ဘဝဟောင်းကို ထားခဲ့စေတယ်။ လုပ်နေကျ အလုပ်တွေနဲ့ပိုင်ဆိုင်မှုတွေကို ထားခဲ့စေတယ်။ တစ်စုံတယောက်၊ တစ်စုံတခုကို စွဲမက်ပြီဆိုရင် တခြားသူတွေ၊ တခြားအရာတွေကို ဝေးရာကို ဖယ်ပစ်လိုက်ကြပါတယ်။ အရေးမပေးတော့ဘူး။ အခွန်ခံရယ်လို့အများသိထားတဲ့ မာတေဦးရဲ့ စွဲမက်မှု့က သူ့ရဲ့ ငွေကြေးဥစ္စာတွေ မဟုတ်တော့ပါဘူး။ သူ့ရဲ့ မြတ်နိုးစွဲလမ်းရာက ယေဇူးသခင် ဖြစ်ခဲ့ပါတယ်။