”ယေဇူးသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမှလွဲ၍ မည်သူသည် ကမ္ဘာလောကကို အောင်မြင်နိုင်မည်နည်း။“ (1Jn 5:5)
သခင်ခရစ်တော်သည် သေခြင်းမှ ပြန်ရှင်ထမြောက်ခြင်းအားဖြင့် လောကကို အောင်နိုင်ခဲ့သည်။ ကျွန်ုပ်တို့သည်လည်း ခရစ်တော်သခင်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ယုံကြည်၍ ထိုသခင်နှင့်အတူ လိုက်လျှောက်ပါက သေခြင်းမှရှင်ပြန်ထမြောက်ပြီး ထာဝရချမ်းသာ၌ ပါဝင်စံစားရမည်ဖြစ်သည်။ ထို့ကြောင့် ယုံကြည်ခြင်းသည် အင်မတန်မှ အရေးကြီးပေသည်။ မိမိတို့လူသားအချင်းချင်း တစ်ဦးပေါ်တစ်ဦး၌ ယုံကြည်ခြင်းတည်ဆောက်ကြ၍ အတူတကွ လက်တွဲလုပ်ဆောင်ကြသည်။ သို့သော် လူ၏စိတ်သည် ပြောင်းလဲတတ်သောကြောင့် တခါတရံ တည်ဆောက်ထားသော ယုံကြည်ခြင်းကို ပျက်ပြားစေနိုင်သော အကြောင်းအရာ၊ အဖြစ်အပျက်များ၊ အပြုအမူများ ဖြစ်ပျက်လာနိုင်သည်။ သို့မဟုတ် လုပ်ဆောင်တတ်ကြသည်။ ဘုရားသခင်အပေါ်၌ ထားသောယုံကြည်ခြင်းမူကား မည်သို့မျှ မပျက်စီးနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသည် ထာဝရတည်တော်မူသောဘုရား၊ သစ္စာရှိ၍ ကတိတည်တော်မူသော ဘုရားဖြစ်သည်။ ယနေ့ ဧဝံဂေလိကျမ်းစာ၌ နူနာစွဲသူတစ်ဦးသည် ယုံကြည်ခြင်း၊ အားကိုးခြင်းဖြင့် သခင်ခရစ်တော်ထံ မိမိ၏အနာရောဂါ ပျောက်ကင်းစေရန် တောင်းလျှောက်ကြသောအခါ ကိုယ်တော်သည် ချက်ခြင်းကုသတော်မူခဲ့သည်။ ထိုသူ၏ရောဂါသည်လည်း ပျောက်ကင်းပြီး မျှော်လင့်ခြင်း ပြည့်စုံခဲ့ရသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့မပါဘဲ ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့သော်လည်း ကျွန်ုပ်တို့မပါဘဲ ကယ်တင်ခြင်းကို မလုပ်ဆောင်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့ ကယ်တင်ခြင်းရရန်၊ ကျွန်ုပ်တို့၌ရှိနေသော ယုံကြည်ခြင်းကို ပိုမိုတိုးပွားအောင် ကြိုးစားရင်း ဆုတောင်းကြစို့။ မိမိတို့၏နှလုံးသားကို ပြင်ဆင်ရင်း လောကကို အောင်နိုင်သောသခင်နှင့်အတူ ထာဝရချမ်းသာကို စံစားနိုင်ရအောင် ထက်သန်သော ယုံကြည်သူများဖြစ်အောင် ကြိုးစားကြပါစို့။
ခရစ်တော်၏အလင်းကျေးဇူးတော်၌
#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)