(၂၆) ကြိမ်မြောက်သာမန်သီတင်းပတ်၊ စနေနေ့
(၁) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၁၁း ၁၇ _ ၂၄
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr.Sabina Hla Yee Win, ISR
အောက်တိုဘာလသည် စိပ်ပုတီး၏သခင်မလ ဖြစ်သည်။ မေလနှင့် အောက်တိုဘာလတွင် ကက်သလစ်ဘာသာဝင်တို့သည် အမိမယ်တော်မာရီးယားအပေါ်ထားရှိသော သဒ္ဒါကြည်ညိုခြင်းနှင့် ချစ်မြတ်နိုးခြင်းကို တစ်ထူးတစ်ခြားဖော်ပြသောလလည်း ဖြစ်သည်။ ၎င်းအပြင် အောက်တိုဘာလကို သာသနာပြန့်ပွားခြင်းလအဖြစ် အမိအသင်းတော်ကြီးက သတ်မှတ်ထားပါသည်။
ယနေ့အောက်တိုဘာလ(၁)ရက်နေ့သည် St. Theresa of Child Jesus (သူငယ်တော်ယေဇူးလေး၏ သံတာထရေဇား) ပွဲနေ့ ဖြစ်သည်။ သူမသည် ပြင်သစ်နိုင်ငံ အီလန်ကွန်( Alangon ) မြို့၌ (၁၈၇၃)ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ အထွေးဆုံးနှင့် နဝမမြောက်သမီးရတနာ ဖြစ်သည်။ သူမအပါအဝင်ညီမ(၅)ယောက် သူတော်စင်ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။ သူမ၏ မိဘနှစ်ပါးသည်လည်း သူမကဲ့သို့ပင် ရဟန္တာများအဖြစ် တင်မြောက်ခြင်းခံခဲ့ကြရသည်။
သံတာထရေဇားလေးသည် ကာရ်မယ်လိုက်ရသေ့မတစ်ပါးဖြစ်ပြီး သာသနာပြုများကို ကူညီမှိုင်းမသော ရဟန္တာအဖြစ် အမိကက်သလစ်အသင်းတော်မှ ဂုဏ်ပြုထားခံရသူ ဖြစ်သည်။ သာသနာအာဇာနည်တစ်ဦးအနေဖြင့် အသက်အသေခံလိုစိတ် ပြင်းပြလွန်းသည့်အတွက် သူမ၏ဘဝကို ဝိညာဉ်များကယ်တင်ရန်၊ သာသနာတော်တိုးတက်ပြန့်ပွားရန် ပူဇော်ခဲ့သည်။ ကယ်တင်ခြင်း သတင်းကောင်းဖြန့်ဝေရန် မိမိတို့၏ မွေးရပ်မြေ၊ နိုင်ငံနှင့် လူမျိုးတို့ကိုစွန့်၍ တိုင်းတစ်ပါးသို့သွားကာ သာသနာပြုခဲ့ကြသည်။ ယနေ့တိုင်လည်း သွားနေကြသည်။ ဧဝံဂေလိသတင်းကောင်းဟောကြားရန်၊ ဘဝနှင့် သက်သေခံရန် တာဝန်သည် ရဟန်း၊ ဘရာသာရ်၊ စစ္စတာရ်၊ ဓမ္မဆရာ/မများ၏ တာဝန်သာမဟုတ်ဘဲ ဆေးကြောခြင်းမင်္ဂလာခံယူပြီးသော ဘာသာဝင်တိုင်း၏ တာဝန်ဖြစ်ပါသည်။ အဝေးသို့သွားရောက်၍ သာသနာပြုခြင်းနှင့် မိမိတို့ရှိနေသည့်နေရာတွင် သာသနာပြုခြင်းဟူ၍ ရှိပါသည်။
ရှင်ထရေဇားလေးသည် ရသေ့ကျောင်းကို ဝိုင်းရံထားသည့် အုတ်တံတိုင်း၏အပြင် ထွက်ခွင့်မရပါ။ သို့သော် သူမ၏ပူဇော်၊ ဆုတောင်းခြင်းဖြင့် သာသနာပြုနေကြသူများနှင့်အတူ ကိုယ်တော်ရှင်၏ နှုတ်ကပါတ်တော်ကို ဟောကြားခဲ့ပါသည်။ သူမ၏ ခြေထောက်များညောင်းညာသည့်အခါ မငြီးတွားဘဲ သာသနာပြုများ၏ ခြေလှမ်းများအတွက် ပူဇော်ပေးပါသည်။ ထို့ကြောင့် အမိအသင်းတော်ကြီးက ရှင်ထရေဇားအား အတုယူနိုင်ရန် သူမကဲ့သို့ မည်သည့်နေရာတွင် ရှိစေကာမူ သာသနာပြုစိတ်ဓာတ်ထက်သန်စေလိုသည်။
ယနေ့ ဧဝံဂေလိကျမ်းစာတော်မြတ်၌ စေလွှတ်ခြင်းခံရသော တပည့်တော်ကြီးအပါး(၇၀)တို့သည် ဝမ်းသာဝမ်းမြောက်ပြန်လာကြ၍ မိမိတို့ လုပ်ဆောင်ခဲ့သမျှကို ဆရာသခင်ခရစ်တော်ရှင်အား ပြန်ပြောကြသည်။ ထိုအခါသခင်ယေဇူးက “သင်တို့၏အမည်နာမများကို ကောင်းကင်၌ရေးမှတ်ထားချက် ရှိသောကြောင့် ဝမ်းမြောက်ကြလော့”ဟု မိန့်တော်မူ၏။
“အသင်းတော်ကြီးဟူသော ခန္ခာကိုယ်ကြီးသည် အမျိုးမျိုးသောအင်္ဂါအစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားသည်။ ထိုအထဲတွင် ချစ်ခြင်းမီးလျှံဖြင့် တောက်လောင်နေသော နှလုံးသားတစ်ခုလည်း အပါအဝင်ဖြစ်သည်။ အမိအသင်းတော်ကြီးတွင် ကျွန်မ၏ခေါ်တော်မူခြင်းသည် ချစ်ခြင်းမေတ္တာ ဖြစ်သည်။” (သူငယ်တော်ယေဇူး၏ ရှင်ထရေဇား)