(၂၇) ကြိမ်မြောက်သာမန်သီတင်းပတ်၊ တနင်္လာနေ့
(၃) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၁၇း ၅ _ ၁၀
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr. Sabina Hla Yee Win, ISR
ယနေ့ကြားနာရသည့် ဧဝံဂေလိသတင်းကောင်းတွင် ထာဝရအသက်ကို ပိုင်ဆိုင်ရန်မည်သို့ ပြုရအံ့နည်းဟု ကျမ်းတတ်ဆရာတစ်ဦးက သခင်ယေဇူးအားမေးမြန်းသောအခါ ကိုယ်တော်ရှင်က ကောင်းသောဆာမာရိတန် ပုံဥပမာဖြင့် ပြန်လည်ဖြေကြားခဲ့သည်။ကောင်းသောဆာမာရိတန်၏ စိတ်နေသဘောထားကို သုံးသပ်ကြည့်ကြပါစို့။ သခင်ယေဇူး၏ခေတ်တွင် ဆာမာရိယမှလူများကို လူမျိုးခြားများဟု သတ်မှတ်ကြသည်။ သခင်ယေဇူး၏ ပုံဥပမာတွင် ပါဝင်သောဆာမာရိတန်မှာမူ ဓားပြများ၏ ရိုက်နှက်မှု ခံရသူကို မိမိနှင့်လူမျိုးတူသည်၊ မတူသည်ဟူ၍ မစဉ်းစားဘဲ ဒဏ်ရာရသူကို ကူညီရန် မိမိ၏အသိစိတ်တွင် ရှိသည်။ ဒဏ်ရာများကို သက်သာမှုရှိစေရန် ဆီနှင့်စပျစ်ရည်လောင်းပေးသည်။ ဆီနှင့်စပျစ်ရည်သည် ဆေးဖက်ဝင်သောအရည်များ ဖြစ်သည်။ ဒဏ်ရာများကို ဂရုတစိုက်အဝတ်နှင့် စည်းပေးသည်။ မိမိ၏မြည်းပေါ်တင်၍ တည်းခိုခန်းသို့ ခေါ်ဆောင်သွားပေးသည်။ ဒေနာရီနှစ်ပြားပေးကာ ဒဏ်ရာရသူကို ပြုစုစေ၍ မိမိလိုရာခရီးကို ဆက်သွားပြီး အပြန်တွင် အခြားလိုအပ်သောငွေကြေးများ ပေးသည်။
ကောင်းသောဆာမာရီတန်သည် သခင်ယေဇူးလှည့်လည်တရားဟောရာတွင် ရှိနေမည်မဟုတ်ပေ။ မင်္ဂလာတရားရှစ်ပါးလည်း ကြားလိုက်မည်မထင်ပေ။ “သနားကြင်နာတတ်သောသူသည် မင်္ဂလာရှိကြ၏။” (ရှင်မာတေဦး ၅း၅) “ကိုယ်တော်ရှင်၏ တရားတော်များကို မကြားနာခဲ့ရသော်လည်း တရားအတိုင်းကျင့်၍ အငယ်ဆုံးသောသူကို ပြုစုလျှင် ငါ့ကို ပြုစု၏။” (ရှင်မာတေဦး ၂၅း၄၀)ကောင်းသောဆာမာရိတန်ကျမ်းပိုဒ်ကို ထောက်ရှုစဉ် သာသနာပြုများ၏ လှုပ်ရှားမှုများ၊ ရုပ်လွှာများကို မြင်ယောင်မိသည်။ ရဟန္တာများ၊ စိတ်ကောင်းနှလုံးကောင်းရှိသူများသည် ကောင်းသောဆာမာရိတန်များ ဖြစ်ကြသည်။ ၂၀ ရာစုနှစ်၏ ရဟန္တာမကြီးကာလကတ္တားမှ မာသာရ်ထရေဇား၏ ပုံရိပ်များ ကျွန်ုပ်၏အာရုံထဲသို့ ရောက်လာသည်။ သေခါနီးလူများစွာကို လူမျိုးမရွေး၊ ဘာသာမခွဲခြားဘဲ ကောင်းသောဆာမာရိတန်ကဲ့သို့ အနာများကို ဆေးကြောသန့်စင်ကုသ၊ သက်သာစေခဲ့သည်။ စိတ်နှစ်သိမ့်မှုနှင့်ငြိမ်းချမ်းစွာ ဘဝ၏နောက်ဆုံးခရီးကို အဆုံးသတ်နိုင်ခဲ့ကြသည်။
အောက်တိုဘာလကို သာသနာတော်ပြန့်ပွားခြင်းလဟု သတ်မှတ်ထားပြီး (၁၉၂၆) ခုနှစ်မှစ၍ အမိအသင်းတော်ကြီးသည် ကမ္ဘာ့သာသနာပြန့်ပွားခြင်းနေ့ ( World Mission Day) ကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ရာ ယခုလ အောက်တိုဘာလ (၂၃) ရက်တွင် ကျရောက်မည် ဖြစ်ပါသည်။ သာသနာပြုများသည် ကောင်းသောဆာမာရိတန်များဖြစ်သကဲ့သို့ တစ်ခါတစ်ရံတွင် ဒဏ်ရာရသူ၊ အာဂန္တုခရီးသည်နှင့် တူ၏။ ထိုအခါ ၎င်းတို့ကို ကူမပေးသောသူများသည် စေတနာရှင်လူဝတ်ကြောင်များ ဖြစ်သည်။ “နာမကျန်းဖြစ်သူများနှင့် အကူအညီလိုအပ်သူများကို ထိတွေ့တဲ့အခါ ခရစ်တော်ရဲ့ ဒဏ်ရာအပြည်နဲ့ ခန္ဓာတော်ကို ထိတွေ့တာနဲ့ တူညီပါတယ်။” (ရဟန္တာ မာသာရ်ထရေဇား)