(၂၇) ကြိမ်မြောက်သာမန်သီတင်းပတ်၊ သောကြာနေ့
(၇) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၁း ၂၆ - ၃၈
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr.Sabina Hla Yee Win, ISR
ဝတ်ပြုကိုးကွယ်ခြင်း (Liturgy)တွင် ယနေ့သည် စိပ်ပုတီး၏သခင်မပွဲနေ့ ဖြစ်သည်။ (၁၅)ရာစုနှင့် (၁၆)ရာစုကတည်းကပင်လဤပွဲနေ့ကို ကျင်းပခဲ့ကြသည်။ မူလအစတွင် “စိပ်ပုတီး၏သခင်မပွဲ”ဟု မခေါ်တွင်ခဲ့ဘဲ “အောင်ပွဲ၏ ကညာစင်မယ်တော်”ဟု ခေါ်တွင် ကျင်းပခဲ့ကြသည်။
(၁၅၇၁)ခုနှစ် အောက်တိုဘာ(၇) ရက်နေ့တွင် လေပန်တို (Lepanto) ဒေသတိုက်ပွဲတွင် ခရစ်ယာန်များဘက်မှ တူရကီဘက်ရှိရန်သူများအပေါ် အနိုင်ရအောင်ပွဲခံနိုင်ခဲ့သည်။ ထိုအချိန်တွင် နန်းစံနေသောရဟန်းမင်းကြီး ပဥ္စမမြောက်ပီအူးမှ စာချွန်တော်ထုတ်၍ စိပ်ပုတီးစိပ်ခြင်းကြောင့် တိုက်ပွဲတွင် အောင်ပွဲရခဲ့ကြောင်း ကြေငြာလိုက်သည်။ (၁၇၁၆)ခုနှစ် သြဂုတ်လ(၅)ရက်နေ့တွင် ရဟန်းမင်းကြီး Clement XI မှ “အောင်ပွဲ၏ ကညာစင်မယ်တော်ပွဲ” မှသည် “စိပ်ပုတီး၏သခင်မပွဲ”ဟု ပြောင်းလဲခေါ်ဝေါ်ပြီး ဝတ်ပြုကိုးကွယ်ခြင်းပြက္ခဒိန်တွင် ထည့်သွင်းခဲ့သည်။
ဤပွဲနေ့အတွက် ထောက်ရှုရသည့်အသက်ပေးနှုတ်ကပတ်တော်တွင် မယ်တော်မာရီယားအား ကောင်းကင်တမန်တော်က အမိန့်တော်ပြန်ခြင်း ဖြစ်သည်။ “ကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော သခင်မသင်၌ မင်္ဂလာရှိစေသတည်း။” ထာဝရဘုရားသခင်သည် သင်နှင့်အတူရှိတော်မူ၏။ ကောင်းကင်တမန်တော်၏ နှုတ်ဆက်စကားကို စိပ်ပုတီးစိပ်တိုင်း အကြိမ်ပေါင်းများစွာ ကျွန်ုပ်တို့ ပြန်လည် ရွတ်ဆိုကြသည်။ ပုတီးစေ့များကိုလည်း လက်နှင့်ရွှေ့ရင်း၊ နှုတ်ကရွတ်ဆိုရင်းသခင်ခရစ်တော်၏ နက်နဲဖွယ်ရာအချက်(၂၀)ကို ကျွန်ုပ်တို့ ထောက်ရှုကြသည်။ “Redemptoris Mater စာချွန်တော်တွင် St. John Paul II က “မယ်တော်မာရီယားသည် ခရစ်တော်၏ နက်နဲဖွယ်ရာတွင် မခွဲမခွာသက်ဆိုင်နေပြီး အမိအသင်းတော်ကြီး၏ ခန္ဓာတော်တွင်လည်း ပါဝင်နေပါသည်။”
ကယ်တင်ခြင်းလုပ်ငန်းတွင် အမေနှင့်သားကို ခွဲ၍မရပါ။ လူအပေါင်းနှင့် လူမျိုးအပေါင်းတို့၏ မိခင်ကျွန်ုပ်တို့၏ ဒုက္ခဆင်းရဲများ၊ မျှော်လင့်ချက်များကို မယ်တော်သိမြင်တော်မူပါသည်။ အကောင်းနှင့်အဆိုး၊ အလင်းနှင့်အမှောင် တိုက်ပွဲများကို မယ်တော်ကြားတော်မူပါသည်။ ဝိညာဉ်တော်၌ ပြုံနေသောကျွန်ုပ်တို့၏ အော်ဟစ်သံကို နားညောင်းတော်မူပါ။ လူသားထုတစ်ရပ်လုံးအား မယ်တော်၏ စောင်မခြင်းအောက်၌ ထားတော်မူပါ။ အို... မယ်တော်ငြိမ်းချမ်းခြင်း၏အချိန်၊ လွတ်မြောက်ခြင်း၏အချိန်၊ အမှန်တရား၏အချိန်၊ တရားမျှတခြင်း၏အချိန်နှင့် မျှော်လင့်ခြင်း၏အချိန်သည် အားလုံးအတွက် နီးကပ်စေတော်မူပါ။ အာမင်။ (Pope John Paul II Dec 8, 1981)