(၂၈) ကြိမ်မြောက်သာမန်သီတင်းပတ်၊ တနင်္ဂနွေနေ့
(၉) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၁၇း၁၁-၁၉
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr.Sabina Hla Yee Win, ISR
ယနေ့ဧဝံဂေလိကျမ်းတွင် အနာကြီးရောဂါသည်(၁၀)ဦး၏ အကြောင်းကို ဖော်ပြထားပါသည်။ ရှင်လုကာကျမ်းတွင် ဂျေရုဇလင်မြို့၊ သန့်ရှင်းသောမြို့သည် သခင်ယေဇူး၏နောက်ဆုံးပန်းဝင်မြို့ ဖြစ်သည်။ ရှင်လုကာသည် သခင်ယေဇူး၏နာဇရက်မှ ဂျေရုဇလင်သို့ လမ်းခရီးကို မီးမောင်းထိုးပြထား ပေးသည်။ သခင်ယေဇူးအသက်(၁၂)နှစ် ပြည့်သောအခါ ဂျေရုဇလင်မြို့ ဗိမာန်တော်ထဲတွင် ကျမ်းတတ်ဆရာတို့၏ အလယ်တွင် ရှိနေခဲ့သည်။ ယခုတွင်လည်း ဂျေရုဇလင်မြို့သို့ သခင်ယေဇူးနှင့် တပည့်တော်ကြီး(၁၂)ပါးသွားနေစဉ် ဆာမာရိယာနှင့် ဂါလီလေယနယ်စပ်အရောက်တွင် အနာကြီးရောဂါသည်(၁၀)ဦးနှင့် တွေ့ဆုံခြင်းဖြစ်သည်။
အနာကြီးရောဂါသည်များ၏ နှလုံးသားထဲတွင် ခေတ္တဝင်ကြည့်လိုက်ကြပါစို့။ ဤရောဂါဝေဒနာ စွဲကပ်နေသူမှာ လူ့အသိုင်းအဝိုင်းထဲမှ ပယ်ထားခြင်းခံရသည်။ ရွာပြင်ထွက်နေရသည်။ စိတ်ရော ကိုယ်ပါဖိစီးခံနေရသူ ဖြစ်သည်။ သခင်ယေဇူးကြွလာကြောင်းသိသော်လည်း ၎င်းတို့သည် အဝေး၌သာလျှင်နေပြီး အသနားခံကြသည်။ ကျွန်ုပ်တို့၏ဘုရားရှင်သည် နိမ့်ကျသူများကို အပယ်ခံလူသားများကို ချစ်ခင်သနားသောဘုရား ဖြစ်သည်။
ယုံကြည်ခြင်းနှင့်ကျေးဇူးသိတတ်ခြင်း အချက်နှစ်ချက်ကို ထောက်ရှုကြပါစို့။ သခင်ခရစ်တော်သည် လူမမာအတော်များများကို ချက်ချင်းပျောက်ကင်း စေခဲ့သော်လည်း အနာကြီးရောဂါသည်(၁၀)ဦးကိုမူ မိမိတို့ကိုယ်ကို ရဟန်းများထံသွားရောက်ပြသရန် မိန့်တော်မူ၏။ မိမိ၏ခန္ဓာကိုယ်များပြန်လည် သန့်စင်လာသည့်လုပ်ရပ် ဖြစ်သည်။ ပြုခဲ့သောအပြစ်များအတွက်ကြောင့် ရောဂါဝေဒနာစွဲကပ်သည်ဟု သတ်မှတ်ကြသောကြောင့် ဖြစ်သည်။ သူတို့သည်လည်း ရဟန်းထံသို့ သွားကြစဉ် စင်ကြယ်ခြင်းသို့ ရောက်ကြလေ၏။ သခင်ယေဇူး၏ နှုတ်တော်မှထွက်သောစကား၌ သံသယမရှိဘဲ နှောင့်နှေးတွေဝေခြင်းမရှိဘဲ ရဟန်းများထံ သွားကြသည်။ ယုံကြည်ခြင်းက သူတို့ကို ကယ်တင်လိုက်ပါသည်။
ကျန်းမာခြင်းကျေးဇူးတော်ခံစားရရှိပြီးနောက် လူမျိုးခြားတစ်ဦးသာလျှင် သခင်ခရစ်တော်၏ ခြေတော်ရင်း၌ ပျပ်ဝပ်လျက် ကိုယ်တော်အား ကျေးဇူးတင်လေ၏။ ယုံကြည်ခြင်းနှင့် ကျေးဇူးတင်ဆပ်ခြင်းသည် ဒွန်တွဲလျက် ရှိပါသည်။ သူများလုပ်တိုင်းကိုယ်ကလိုက်လုပ်၊ သူများသွားတိုင်းကိုယ်ကလိုက်သွား ဝါးတားတားမဟုတ်ဘဲ တကယ့်ယုံကြည်စိတ်ကြောင့် လှုပ်ရှားသွားနေသည့် ခြေထောက်များသည် ကျေးဇူးရှင်ဆီသို့ ပြန်လှည့်လာတတ်ပါသည်။ ကျေးဇူးတင်တတ်ခြင်းသည် ကျေးဇူးတော်နှစ်ခါခံစား ရရှိခြင်းနှင့်တူပါသည်။