”ကိုယ်တော်သည် တိုးတက်ရမည်။ ငါမူကား ဆုတ်ယုတ်ရမည်။“(Jn 3:30)
အထက်ပါကျမ်းချက်လေးသည် ဘုရားနှင့်လူသားကြားမှ ကွာဟမှု၊ တနည်းပြောရလျှင် ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံတို့ရဲ့ကြားမှ အမြင့်၊အနိမ့်ကို ဖော်ပြပေးသော သံယောဟန်ဗတ္တိစတားရဲ့ ရင်တွင်းစကား၊ ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကြီးမြတ်မှုကို ဖော်ကျူးသောစကား ဖြစ်ပါသည်။ ဘုရားသခင်သည် အနန္တတန်ခိုးတော်ရှင် ဖြစ်သည့်အလျောက် အားလုံးစုံကို တတ်စွမ်းနိုင်သည်။ လူစီဖဲသည် ဘုရားနှင့်ယှဉ်ပြိုင် မာနထောင်လွှားခြင်းကြောင့် ရှုံးနိမ့်ခဲ့ပြီး ထာဝရငရဲ၌ ခံစားရသည်။ သံယောဟန်က ပြောသည်မှာ ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် မည်သည့်အရာကိုမျှ မရနိုင်။ ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်အား ကျေးဇူးတင်ရင်း ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်ခြင်းသည်ပင် မည်မျှဂုဏ်ယူစရာဖြစ်ကြောင်း ထောက်ရှုမိသည်။ ထို့ပြင် ဤမျှဘုန်းတော် မြင့်မြတ်သော တစ်ဆူတည်းသော ဘုရားရှင်အား ရှိခိုးကိုးကွယ်ရခြင်း၊ သေသူများကို ပြန်ရှင်စေ၍ မိမိကိုယ်တော်တိုင်လည်း သေခြင်းကို အောင်မြင်ပြီး ပြန်ရှင်ထမြောက်တော်မူသော ဘုရားစစ်၊ဘုရားမှန်အား ရှိခိုးရခြင်းသည် ကျွန်ုပ်တို့အတွက် ပြောမပြတတ်အောင် ကျေနပ်နှစ်သက်စေ၍ အဓိပ္ပါယ်ရှိသော လူ့ဘဝအသက်တာကို ပိုင်ဆိုင်ရခြင်း ဖြစ်ပေသည်။
အိုဘုရားသခင် ကိုယ်တော်အား ကာလအဆက်ဆက် ဘုန်းတော်ဂုဏ်တော် ရှိပါစေသော်။ အာမင်။
ခရစ်တော်၏အလင်းကျေးဇူးတော်၌
#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)