(၂၈) ကြိမ်မြောက်သာမန်သီတင်းပတ်၊ တနင်္လာနေ့
(၁၀) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၁၁း ၂၉- ၃၂
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr.Sabina Hla Yee Win, ISR
သခင်ယေဇူးထံချဉ်းကပ်လာသော လူစုလူဝေး ပိုမိုများပြားလာသည်။ ရှင်ယောဟန် ၆း ၂၆တွင် သခင်ယေဇူးက မိမိကိုမတွေ့တွေ့အောင်လိုက်ရှာနေသူများအား “သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သင်တို့သည် တန်ခိုးလက္ခဏာများကို မြင်ကြသောကြောင့်မဟုတ်။ ပေါင်မုန့်ကိုစား၍ ဝသောကြောင့်သာ ငါ့ကိုရှာကြ၏။” ဟု မိန့်တော်မူ၏။ လူစုလူဝေးသည် ခန္ဓာကိုယ်၏လိုအပ်ချက်အတွက် သခင်ယေဇူးကို ရှာကြ၏။ ကိုယ်တော်ရှင်သည် မယ်ဆီးယားရှင်ဖြစ်ကြောင်း သိရန်မကြိုးစားကြချေ။
သခင်ယေဇူးပြုသောတန်ခိုးလက္ခဏာများကြောင့် လူစုလူဝေးပိုများလာသည်။ တန်ခိုးလက္ခဏာများနှင့် မကျေနပ်နိုင်ဘဲ နမိတ်လက္ခဏာများတောင်းခြင်းသည် သခင်ခရစ်တော်၏ ဘုရားဖြစ်ခြင်းကို မသိမနားလည်ဘဲ စမ်းသပ်လိုသည့်စိတ်ဖြင့် မေးမြန်းသည်ကို သခင်ယေဇူးသိမြင်သောကြောင့် နီနေဝေမြို့ ပျက်စီးသကဲ့သို့ ပျက်စီးမည့်အကြောင်း မိန့်တော်မူလေ၏။ အခြားတိုင်းတစ်ပါးကဘုရင်မသည် ခေါင်းမာသောဤလူမျိုးကို တရားစီရင်လိမ့်မည်ဖြစ်ပြီး ဆောလမွန်မင်းကြီးထက်ကြီးမြတ်သောသူ၊ ဉာဏ်ပညာထက်မြက်သောသူသည် မိမိကိုယ်တိုင်ဖြစ်ကြောင်း မိန့်တော်မူလေ၏။
သခင်ယေဇူး၏အလိုဆန္ဒမှာ မိမိ၏တရားကိုကြားနာသူတိုင်သည် ဘဝသစ်သို့အကျင့်ပြောင်းလဲကြရန်၊ မိမိတို့၏အပြစ်များအတွက် နောင်တရ၍ ကောင်းသောလမ်းသို့ ပြန်လျှောက်ကြရန် ဖြစ်သည်။ မကြာခဏ ကျွန်ုပ်တို့ကြားရသည့် မေးခွန်းတစ်ခုမှာ “သခင်ယေဇူးက ငါ့အတွက် ဘယ်သူလဲ” သခင်ယေဇူးသည် အငယ်ဆုံးသောသူ ဖြစ်၏။” ရှင်မာတေဦး ၂၅း ၃၅-၄၀ တွင် ဖော်ပြထားသည်။ ဆာလောင်သောသူ၊ ရေငတ်နေသူ၊ သူစိမ်းဧည့်သည်၊ အဝတ်မရှိသောသူ၊ ဖျားနာသောသူ၊ ထောင်ထဲတွင်ရှိနေသူတို့ကို ပြုစုလျှင် ကိုယ်တော်ရှင်ကို ပြုစုခြင်းနှင့် တူ၏။ ကျွန်ုပ်တို့ရှာဖွေနေသော နိမိတ်လက္ခဏာမှာ ချစ်ခြင်းမေတ္တာ၏နမိတ်လက္ခဏာမှလွဲ၍ အခြားမရှိနိုင်ပေ။