(၂၈) ကြိမ်မြောက်သာမန်သီတင်းပတ်၊ ဗုဒ္ဓဟူးနေ့
(၁၂) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၁၁း ၄၂- ၄၆
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr.Sabina Hla Yee Win, ISR
ယနေ့တွင်ကြားနာရသောဧဝံဂေလိကျမ်းသည် မနေ့ကဖတ်ရှုခဲ့သည့် ရှင်လုကာအခန်းကြီး (၁၁)၏အဆက် ဖြစ်သည်။ ဖာရီဇေဦးတို့၏ အပြင်ပန်းကိုသာ ဦးစားပေးပြီး၊ ကောက်ကျစ်စဉ်းလဲသောအတွင်းစိတ်ကို ရှုတ်ချခဲ့သည်။ ယနေ့တွင် ဖာရီဇေဦးတို့၏ အပြုအမူများကို ရှုတ်ချခဲ့သည်။ ဆယ်ဖို့တစ်ဖို့ကို လှူသော်လည်း တရားမျှတခြင်းနှင့် ဘုရားသခင်အားချစ်ခြင်းကို လျစ်လျူရှုကြသည်။ တရားဇရပ်များ၌ အကောင်းဆုံးနေရာတွင် ထိုင်တတ်ကြပြီး၊ စျေးတွင်နှုတ်ဆက်ခံရခြင်းကို နှစ်သက်ကြသည်။ ထမ်းရန်ခက်ခဲသောဝန်ထုတ်များကို လူတို့အပေါ် တင်တတ်ကြသည်။
အလှူဒါနပြုခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်၏မိတ်ဆွေတစ်ဦး၏ မျက်နှာကိုမြင်ယောင်မိပါသည်။ ရွာတစ်ရွာတွင် ဘာသာရေးပွဲများ၊ ရပ်ရွာပွဲလမ်းသဘင်များ ရှေ့ဆုံးမှပါဝင်လှူဒါန်းသည်။ ရွာတွင်ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဓမ္မဆရာ၊ ဆရာမများရောက်လာသည့်အခါတွင် ဆွမ်းဟင်းအတွက် အကုန်အကျခံကာချက်ပြုတ် ကျွေးမွေးသည်။ တစ်နေ့ ထိုမိတ်ဆွေ၏အိမ်တွင် ကျွန်ုပ်အလည်အပတ်ရောက်ရှိနေစဉ် ဖုန်းတစ်လုံးနှင့် နှစ်လုံးထီ၊ သုံးလုံးထီအတွက် အလုပ်ရှုပ်နေသည်ကို မြင်ရပါသည်။ ထီထိုးချင်သူများ၏ ဖုန်းခေါ်ဆိုမှုကို ဖြေကြားလိုက်၊ တစ်ဖက်က ဒိုက်ထံဖုန်းဆက်လိုက်နှင့်အရမ်း အလုပ်များနေပါသည်။ နှစ်လုံး၊ သုံးလုံးထိုးသည့်သူများထံတွင် ဘာသာတူယောကျ်ား၊ မိန်းမပါသည်။ ထိုနေ့ကပြောရန်စကား ရှာမတွေ့ခဲ့ပါ။
ကျွန်ုပ်တို့သည် စားဝတ်နေရေးအတွက် ကိုယ်ကျိုးအတွက်တစ်ဖက်သား၏ ဆိုးကျိုးကိုမတွေးပေးတတ်တော့ပါ။ “ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်” “ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်” ဆိုရိုးစကားအတိုင်း “သတိမမူဂူမမြင်တော့ပါ” “လောဘတပ်မက်မှုရှိတဲ့သူတွေက သူတို့ဟာ ခရစ်ယာန်တွေပါလို့ ကြေငြာကြပေမယ့် သူတို့မှာ ခရစ်တော်ကို ကိုးစားယုံကြည်မှုမရှိကြဘူး။ ဘာ့ကြောင့်လဲဆိုရင် သူတို့မှာ ဘယ်လောက်ပဲများများရှိရှိ နောင်လာမယ့်အနာဂတ်မှာ သူတို့နွမ်းပါးချို့တဲ့သွားမှာကို အမြဲတမ်းစိုးရိမ်ပူပန်နေကြလို့ဘဲ” (St. Thomas Moe)
ကျွန်ုပ်တို့ရဲ့ သြတပ္ပစိတ်ကို ပြန်လည်ဆန်းစစ်ခြင်း၊ ဖြူစင်သောနှလုံးသားနှင့် သန့်စင်သော လက်များဖြင့် ကိုယ်တော်ရှင်ကို အစေခံကြစို့။