(၂၈) ကြိမ်မြောက်သာမန်သီတင်းပတ်၊ ကြာသပတေးနေ့
(၁၃) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၁၁း ၄၇- ၅၄
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr.Sabina Hla Yee Win,ISR
ယနေ့ကျွန်ုပ်တို့ကြားနာရသော ဧဝံဂေလိကျမ်းသည်လည်း မနေ့ကကျမ်း၏အဆက် ဖြစ်သည်။ သခင်ယေဇူးသည် ဖာရီဇေဦးတို့၏ လုပ်ရပ်များကို ဆက်လက်ရှုတ်ချသည်။ ၎င်းတို့၏ဘိုးဘေးများသတ်ဖြတ်ခဲ့သော ပရောဖက်တို့၏ သင်္ချိုင်းဂူများကို ဆောက်ခြင်းဖြင့် ဘိုးဘေးများ၏လုပ်ရပ်များကို သဘောတူကာသက်သေခံ ကြသည်။ ဖာရီဇေဦးတို့သည် မင်္ဂလာကင်းမဲ့သောသူများ ဖြစ်သည်။ မိမိတို့၏လုပ်ရပ်များအတွက် ဘုရားသခင်၏တရားစီရင်ခြင်းကို ခံကြရလိမ့်မည်ဖြစ်သည်။ ကမ္ဘာတည်ချိန်မှစ၍ သွန်းလောင်းခဲ့ကြသော ပရောဖက်အပေါင်းတို့၏ သွေးအတွက် ပေးဆပ်ရသည်။
ကျွန်ုပ်တို့သက်ဝင်ယုံကြည်သောဘုရားသည် သနားဂရုဏာနှင့်ပြည့်စုံတော်မူသော်လည်း တရားမျှတခြင်းကို နှစ်သက်တော်မူသောဘုရား ဖြစ်သည်။ ပရောဖက်များ၏သွေးနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာတွင် အပြစ်မဲ့သောသူတို့၏ ဆင်းရဲဒုက္ခများ၊ မတရားမှုများကိုတွေ့မြင်ရသောအခါ “ဘုရားက ကျွန်ုပ်တို့ကို ပစ်ထားပြီ၊ တို့ကို မေ့နေပြီ။ မတရားတဲ့သူတွေကောင်းစားနေလိုက်တာ၊ ရိုးဖြောင့်တဲ့သူတွေကျတော့ ဆင်းရဲမွဲတေလိုက်ကြတာ။” အစရှိသဖြင့် ဘုရားကို အမျိုးမျိုး အပြစ်တင်ကြသည်။
ကျွန်ုပ်တို့၏ဘုရားသခင်သည် မတရားမှုကို မနှစ်သက်ပါ သူဖန်ဆင်းထားသောသားသမီးများ ပျက်စီးခြင်းသို့ မရောက်စေလိုပါ။ ဆိုးမိုက်သောသူဖြစ်လင့်ကစား နောင်တနှင့်ပြန်လာပါက ရင်ဖွင့်လျက်ကြိုဆိုတတ်သောဘုရား ဖြစ်တော်မူ၏။ သို့ဖြစ်လျှင် အဘယ်ကြောင့် အပြစ်မဲ့သောသူဒုက္ခရောက်ရသနည်း။ သခင်ယေဇူးသည် ကားတိုင်ထက်တွင် ဆုတောင်းခဲ့သည်။ “အိုအဘ သူတို့ကို ခွင့်လွှတ်တော်မူပါ။ အကြောင်းမူကား သူတို့ပြုသောအရာကို သူတို့မသိကြပါ။ (ရှင်လုကာ ၂၃း ၃၄) ။ ခရစ်တော်ကို အတုယူလျက် ရဟန္တာများတို့သို့ ဆုတောင်းခဲ့ကြသည်။
ကျွန်ုပ်တို့တစ်ဦးစီသည် အပြစ်နှင့်မကင်းပါ။ ကျွန်ုပ်တို့၏ အပြစ်များအတွက်သော်လည်းကောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးတွင်ရှိသောသူများအတွက်သော်လည်းကောင်း၊ ဘုရားသခင်၏သနားကရုဏာတော်ကို တောင်းခံကြပါစို့။