(၂၈) ကြိမ်မြောက်သာမန်သီတင်းပတ်၊ သောကြာနေ့
(၁၄) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၁၂း ၁-၇
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr.Sabina Hla Yee Win, ISR
ယနေ့ဖတ်ရှုရသော အသက်ပေးနှုတ်ကပတ်တော်ကို နှစ်ပိုင်းခွဲ၍ရသည်။ ပထမပိုင်းတွင် သူတော်ကောင်းယောင်ဆောင်သော ဖာရီဇေဦးတို့၏တဆေးကို သတိထားကြရန် ခရစ်တော်သခင်မိန့်တော်မူ၏။ မကောင်းမှုဟူသမျှကို ဝှက်ကွယ်၍မရပါ။
ဧဝံဂေလိနှုတ်ကပတ်တော်၏ ဒုတိယပိုင်းတွင် ကိုယ်ခန္ဓာကိုသတ်ပြီး ဝိညာဉ်ကိုလည်း ငရဲထဲသို့ချနိုင်သောသူကို ကြောက်ရမည်။ လူငယ်များအတွက် အတုယူစရာဖြစ်သော သံတာမာရီယားဂေါ်ရက်တီ၏ ဘဝဖြစ်စဉ်တွင် အိမ်နီးချင်းဖြစ်သူ အလက်ဇန္ဒရား၏ သွေးဆောင်ရာသို့ မလိုက်ဘဲအသက်အသေခံခဲ့သည်။ “ကျွန်မဘုရားသခင်ကို မပြစ်မှားချင်ဘူး။ ဘုရားသခင်မကြိုက်တာမလုပ်နဲ့” ထိုစကားများသည် လူရမ်းကားအတွက် အချည်းနှီးဖြစ်ခဲ့သည်။ သူမခန္ဓာကိုယ်ကို သတ်သော်လည်း ဝိညာဉ်ကိုမသတ်နိုင်သောကြောင့် မာရီးယားဂေါ်ရက်တီသည် ကောင်းကင်နိုင်ငံတော်တွင် အောင်ပွဲသရဖူကို ရရှိခဲ့သည်။
မကြောက်တတ်သည့်သူဟူ၍မရှိ။ အကြောင်းအရာအမျိုးမျိုး၊ ဒုက္ခအမျိုးမျိုး၊ ရန်သူအမျိုးမျိုး ကြောက်စရာများစွာ ရှိသည်။ ဓမ္မဟောင်းကျမ်းတွင် အာဗြံဟံ၊ မိုးဇက်နှင့် ပရောဖက်များအား “မကြောက်ကြနှင့်”ဟု ဘုရားသခင်ခွန်အားပေးသည်။ သတ္တိမွေးပေးသည်။ ဓမ္မသစ်ကျမ်းတွင် ကောင်းကင်တမန်တော်က မာရီးယားအား “မကြောက်ရွံ့လေနှင့်”ဟု မိန့်တော်မူ၏။ သခင်ခရစ်တော်သည် ရူပါရုံတစ်ခု၌ သံပေါလုအား “မကြောက်နှင့် ငါ၏ကျေးဇူးတော်သည် သင့်အတွက် လုံလောက်သည်”ဟု ဆို၏။ ယေဇူးကိုယ်တော်တိုင် ရေပေါ်လမ်းလျှောက်သည်ကို မြင်ရသောကြောင့် ကြောက်ရွံ့နေကြသော တပည့်တော်ကြီးတို့အား “မကြောက်ကြနှင့် ငါဖြစ်၏”ဟု အားပေးသည်။
ရဟန္တာများ၏ အဆိုအမိန့်များကို ထောက်ရူကြပါစို့။ ရဲစွမ်းသတိဆိုတာ အဆင်မပြေမှု အကုန်လုံးကို အလေးမထားဖို့နဲ့၊ ကျွန်ုပ်တို့ထိန်းချုပ်နိုင်စွမ်း မရှိတာတွေကို အဆုံးရှုံးခံနိုင်ဖို့ ကျွန်ုပ်တို့အား လုပ်ဆောင်စေနိုင်တဲ့ စိတ်ဝိညာဉ်ရဲ့သဘောထား ဖြစ်တယ်။ (St.Augustine) “သတ္တိရှိပါ၊ ဝိညာဉ်ရေးအသက်တာမှာ အရှေ့မတိုးနိုင်တဲ့သူဟာအနောက်ဘဲပြန်ရောက်မယ်။ ဘာနဲ့တူသလဲဆိုတော့ အရှေ့ကိုအမြဲသွားရမယ့်လှေတစ်စင်းက ရပ်နေတယ်ဆိုရင် လေတိုက်တာနဲ့အနောက်ကို ပြန်ရောက်သွားသလိုမျိုးဘဲ” (St. Padre Pio) ဝိညာဉ်တိုက်ပွဲများတွင် ကြောက်ရွံ့ခြင်းမရှိစေရန် သန့်ရှင်းသောဝိညာဉ်တော်ဘုရားထံတွင် ကျေးဇူးတော်များ တောင်းခံကြပါစို့။