(၂၉) ကြိမ်မြောက်သာမန်သီတင်းပတ်၊
(၁၇) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၁၂း၁၃-၂၁
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr.Sabina Hla Yee Win, ISR
ယနေ့တွင် ဖတ်ရှုရသောအသက်ပေးနှုတ်ကပတ်တော်တွင် ပစ္စည်းဥစ္စာများကို သိုလှောင်ထားနိုင်သော်လည်း မိမိကံကြမ္မာကို မမြင်သောသူငှေးအကြောင်းပုံဥပမားကို ကြားနာကြရပါသည်။ မိမိ၏ လယ်ယာမြေမှထွက်သော အသီးအနှံများကို သိုလှောင်ရန်နေရာမရှိတော့သည့်အထိ ချမ်းသာသောသူဖြစ်သည်။ ဂိုဒေါင်ကြီးကြီးမားမားများကို ထပ်ဆောက်ပြီး၊ တစ်သက်စာအတွက်ပူပန်စရာမလိုဘဲ၊ နေ့စဉ်စားသောက်လျက် ပျော်ရွင်စွာနေလော့ဟု မိမိကိုယ်ကို ပြန်ပြောသည်။ သို့သော် “မှန်းချက်နှင့်နှမ်းထွက်မကိုက်ပါ။” ထိုညတွင်ပင် ဘုရားသခင်ကသူ၏ ဝိညာဉ်ကို ပြန်တောင်းလေ၏။ အတ္တ၊ လောဘနှင့် စုဆောင်းထားသောပစ္စည်းဥစ္စာများကို သူနှင့်တစ်ပါတည်း ယူဆောင်မသွားနိုင်ပေ။ ကျွန်ုပ်တို့၏ ဘုရားသခင်သည် ချမ်းသာကြွယ်ဝမှုကို မနှစ်မြို့သည့်မဟုတ်ပေ။ မိမိနှင့်နီးစပ်သူများ၊ အကူအညီလိုအပ် သောသူများကိုလည်း မိမိ၏ပစ္စည်းဥစ္စာများကို ဝေငှပေးစေချင်သည်။ သူငှေးကြီးနှင့်လာဇရူး ပုံဥပမာ (ရှင်လုကာ ၁၆း၁၉-၃၁)က မီးမောင်းထိုးပြထားပါသည်။
ကျွန်ုပ်တို့၏ ဘုရားသခင်သည် မိမိ၏သားသမီးများနေ့စဉ်လိုအပ်သော အစားအစာများကိုပေးသည့် ဘုရား၊ စာငှက်ငယ်များကို အစာပေးသည့်ဖန်ဆင်းရှင်ဖြစ်သည်။ ရိုးသားစွာလုပ်ကိုင်စားသောက်ရင်း ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ချမ်းသာကြွယ်ဝလာသည့် သူငှေးများရှိသည်။ ယောဘဝတ္ထုတွင် ချမ်းသာကြွယ်ဝရာမှ ဆင်းရဲသွားသောယောဘသည် စုံစမ်းခြင်းအလယ်တွင် ယုံကြည်ခြင်းမပျက်သွားသောကြောင့် ယခင်ကထက်ပို၍ ချမ်းသာကြွယ်ဝမှုကို ဘုရားသခင်ပြန်ပေးကြောင်း တွေ့ရသည်။ လူ့သဘာဝသည် နှမြောတတ်သည် “တွန့်တိုတတ်သည်။” အတ္တ၊ လောဘကြီးတတ်သည်။ သို့သော် အတ္တဟိတမှ ပရဟိတသို့ပြောင်း၍ ကရုဏာလုပ်ငန်းများ လုပ်ကြသည့် ပုဂ္ဂိုလ်မြောက်မြားစွာ ရှိပါသည်။
ရဟန္တာများ၏ အဆိုအမိန့်ကို ထောက်ရှုကြပါစို့။
“သင်သိုလှောင်စုဆောင်းထားတဲ့အစားအစာကို ဆာလောင်မွတ်သိပ်သူတွေပိုင်တယ်။ သင့်ရင်ဘတ်(ပုခုံး) ပေါ်မှာ တင်ထားတဲ့ခြုံထည်အဝတ်စအပိုကို အဝတ်မရှိတဲ့သူတွေ ပိုင်တယ်။ မြေကြီးထဲမှာ သင်သိုဝှက်ထားတဲ့ရွှေကို ဆင်းရဲသားတွေပိုင်တယ်။” (St.Basic the Great)
“သင့်မှာရှိသမျှကို ကြဲဖြန့်လိုက်ပါ။ ဒါဆိုသင်ဆုံးရှုံးမှာမဟုတ်တော့ဘူး။ ဝေငှလိုက်ပါ။ ဒါဆိုရင် သိမ်းထားနိုင်လိမ်းမယ်။ ခင်းကျင်းလိုက်ပါ။ ဝှက်မထားနှင့်။ ဒါဆိုရင် သင်စုဆောင်းနိုင်လိမ့်မယ်။ (St.John Chrysostom)
ကျွန်ုပ်တို့တစ်ဦးစီတွင် ပိုင်ဆိုင်မှုမည်မျှရှိသနည်း။ သိုလှောင်စရာဂိုဒေါင်မလောက်သည့်အထိ ချမ်းသာစရာမလိုပါ။ မိမိတွင်ရှိသည့်အရည်အချင်း၊ အချိန်ကို အများအကျိုးအတွက် ပေးဆပ်ခြင်း၊ မချမ်းသာသော်လည်းတတ်နိုင်သမျှ ပေးကမ်းစွန့်ကြဲခြင်းဖြင့် မေတ္တာကရုဏာနှင့် ပြည့်စုံတော်မူသော အဘဘုရားသခင်၏ သားသမီး အစစ်အမှန်များ ဖြစ်ကြောင်းသက်သေပြကြစို့။