(၂၉) ကြိမ်မြောက်သာမန်သီတင်းပတ်၊
(၁၈) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၁၀း၁-၉
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr.Sabina Hla Yee Win, ISR
ယနေ့သည် ဧဝံဂေလိကျမ်းရေးပုဂ္ဂိုလ်ရှင်လုကာ၏ ပွဲနေ့ဖြစ်သည်။ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ပြက္ခဒိန်တွင် တတိယနှစ် (Year C ) ကျသောနှစ်ဖြစ်သောကြောင့် သာမန်သီတင်းပတ်များတွင် ရှင်လုကာရေးသားထားသော ဧဝံဂေလိကျမ်းသာ ကြားနာဖတ်ရှုရသည်။ ဤနှစ်၏ ကလောင်ရှင်အကြောင်းလေ့လာကြည့်ကြပါစို့။ အချိန်ကာလမှာ ခရစ်တော်ပေါ်ထွန်းပြီး၊ အေဒီ (၆၀)နှင့် (၇၄)ကြား ကာလဖြစ်သည်။ ရှင်လုကာသည် အန်တီရို့ (Antioch) မြို့၌ ဖွားမြင်ခဲ့ပြီး ဆရာဝန်တစ်ဦးဖြစ်သည်။ ရှင်ပေါလု၏ ဒုတိယသာသနာပြုခရီးစဉ်တွင် ဖျားနာနေစဉ် သူ၏အကြံဉာဏ်ကိုခံယူပြီး၊ ယုံကြည်ခြင်းသို့ ပြောင်းလဲခဲ့သည်။ ရှင်ပေါလု၏သာသနာပြုခရီးစဉ်တွင် လက်တွဲဖော် အဖြစ် ဆုံးခန်းတိုင်ပါဝင်လုပ်ဆောင်ခဲ့လေသည်။ ရှင်ပေါလုထောင်ထဲရှိနေစဉ် “လုကာတစ်ယောက်သာ ငါနှင့်အတူ ရှိ၏။” (၂ တိ ၄း၁၁) ။ အေဒီ (၆၄) တွင် ရှင်ပေါလုတရားတော်အတွက် အသေခံခဲ့ပြီးနောက် ရှင်လုကာသည် ဂရိနိုင်ငံတွင် အနားယူပြီး၊ တတိယ ဧဝံဂေလိကျမ်းနှင့် တမန်တော်ဝတ္တုကို ရေးသားခဲ့သည်။
ရှင်လုကာသည် တပည့်တော်ကြီး(၁၂)ပါး အပါအဝင်မဟုတ်သောကြောင့် သခင်ခရစ်တော်၏ ဘဝဖြစ်စဉ်နှင့် တရားတော်ကို ရှင်မာတေဦး၏ ဧဝံဂေလိကျမ်းကိုမှီငြိမ်းထားရသောကြောင့် ရှင်မာတေဦးနှင့် ရှင်လုကာခရစ်ဝင်ကျမ်းနှစ်စောင်ကို သခင်ယေဇူး၏ ငယ်စဉ်ဘဝ ဧဝံဂေလိကျမ်းများဟုလည်း ခေါ်ဆိုကြသည်။ အမိမယ်တော်မာရီးယားနှင့် မျက်မြင်သက်သေများမှလည်း ခရစ်တော်၏အကြောင်းကို လေ့လာစုဆောင်းခဲ့သည်။ ရှင်လုကာသည် ပန်းချီပညာရှင်တစ်ဦးဖြစ်သည့်အားလျော်စွာ မယ်တော်၏ရုပ်ပုံကို ပထမဦးဆုံး ရေးဆွဲခဲ့သည်ဟုလည်း ရှေးထုံးသက်သေများမှ သိရသည်။ ပန်းချီဖြင့်သာမက ဧဝံဂေလိစာသားများဖြင့်လည်း မယ်တော်၏အကြောင်းကို လှပသောပန်းချီကားတစ်ချပ်အဖြစ် ရေးဆွဲခဲ့သည်။ မိမိရေးသားထားသောကျမ်းစာကို ဖတ်ရှုသူတိုင်း အလွယ်တကူသိမှတ်နိုင်ရန် သခင်ယေဇူး၏ ပုံဥပမာများတွင် ဇာတ်ကောင်နှစ်ဦးနှင့်တင်ပြလေ့ ရှိသည်။ ဥပမာ၊ မာတားနှင့် မာရီးယား၊ သူငှေးကြီးနှင့်လာဇရူး၊ ကျောင်းဗိမာန်တွင် ဆုတောင်းကြသော ဖာရီဇေဦးနှင့် အခွန်ခံသူ၊ ပျောက်သောသားပုံဥပမာတွင် သားကြီးနှင့် သားငယ်၊ နောက်ဆုံး စီရင်စစ်ကြောခြင်း၌ သိုးနှင့်ဆိတ်ခွဲခြားခြင်း အစရှိသဖြင့် ဖြစ်သည်။
ယနေ့ အသက်ပေးနှုတ်ကပတ်တော်တွင် တပည့်တော်ကြီးအပါး (၇၀)၏ ရွေးကောက်ခြင်းနှင့် စေလွတ်ခြင်းကို ကြားနာရသည်။ သာသနာပြုရန်သွားကြသည့်အခါ မယူသွားအပ်သောပစ္စည်းများနှင့် မပြုအပ်သောအရာများကို ဖော်ပြထားသည်။ မည်သည့်အိမ်သို့မဆို တပည့်တော်ကြီးများဝင်ကြသောအခါ “ဤအိမ်၌ ငြိမ်းချမ်းခြင်းရှိပါစေ”ဟု ဦးစွာနှုတ်ဆက်ကြရမည်။ မင်္ဂလာတရား(၈)ပါးတွင် ငြိမ်းချမ်းခြင်းကို အလိုရှိသောသူတို့သည် မင်္ဂလာရှိကြ၏ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏သားသမီးများဟု အခေါ်ခံရလိမ့်မည်။ (ရှင်မာတေဦး ၅း၆)
သခင်ခရစ်တော်ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်း ကြောက်စိတ်ဝင်နေကြသောတပည့်တော်ကြီးများအား ကိုယ်တော်ထင်ရှားပြသည့်အခါ “သင်တို့၌ ငြိမ်းချမ်းခြင်းရှိစေ”ဟု နှုတ်ဆက်သည်။ (ရှင်လုကာ၂၄း၃၆) ငြိမ်းချမ်းခြင်းသည် ရေငုံ နှုတ်ပိတ်၊ ဘာမျှမလုပ်ခြင်းမဟုတ်ပေ။ ငြိမ်းချမ်းခြင်းနှင့်တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းနှင့် အပြစ်ခွင့်လွတ်ခြင်း ဒွန်တွဲနေပါသည်။ တရားမျှတခြင်းမရှိလျှင် ငြိမ်းချမ်းခြင်းမရှိနိုင်ပါ။ ခွင့်လွတ်စိတ်မထားနိုင်သရွေ့ နာကျည်းစိတ်များတိုးပွားနေမည် ဖြစ်သည်။ လောကကမ္ဘာကြီးသည် စစ်မက်အင်္ဂါများ၊ မတရားမှုများ၊ လောဘ၊ ဒေါသ၊ မောဟတို့နှင့်ပြည့်နှက်လျှက် ရှိပါသည်။ ကျွန်ုပ်တို့တစ်ဦးစီသည် မိမိတို့ကမှနေ၍ တတ်အားသရွေ့ ငြိမ်းချမ်းခြင်း၏မျိုးစေ့များကို ကြဲချကြပါစို့။ “ ငြိမ်းချမ်းခြင်း၏သခင်မ ကျွန်ုပ်တို့အဖို့ငှါ ဆုတောင်းပေးတော်မူပါ။ အာမင်။”