(၂၉) ကြိမ်မြောက်သာမန်သီတင်းပတ်၊
(၁၉) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၁၂း ၃၉- ၄၈
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr. Sabina Hla Yee Win, ISR
“သူခိုးလာမည့်အချိန်ကို အိမ်ရှင်သိပါလျှင် မိမိအိမ်ကိုမဖောက်ထွင်းစေရန် သူသည် မအိပ်ဘဲ စောင့်နေမည်ဆိုသည်ကိုမူ သိမှတ်ကြလော့။ သင်တို့သည်လည်း အဆင်သင့်ရှိကြလော့။ အကြောင်းမူကား သင်တို့ကမျှော်လင့်သောအချိန်၌ လူသားသည် ကြွလာတော်မူလိမ့်မည်။ ထိုနောက် သခင်ယေဇူးသည် မိမိ၏တာဝန် ဝတ္တရားကို ကျေပြွန်စွာဆောင်ရွက်သောအစေခံနှင့် မဆောင်ရွက်သောအစေခံ၏ ပုံဥပမာကိုဆက်လက် မိန့်ကြားတော်မူ၏။ အချိန်နှင့်ပတ်သက်၍ဆိုရိုးစကားများလည်း ရှိပါသည်။ “အချိန်သည် လူ၏တန်ဖိုး” “အချိန်နှင့်ဒီရေသည် လူကိုမစောင့်” “အချိန်ရှိခိုက် လုံ့လစိုက်” အစရှိသဖြင့် ဖြစ်သည်။ အထက်ပါစကားပုံများသည် ပစ္စုပ္ပန်ကာလကိုသာ ညွှန်းသည်” ဆိုလိုသည်မှာ ဤယနေ့၊ ဤအချိန်၊ ဤနာရီတွင် ပြုလုပ်ရမည့်တာဝန် ဝတ္တရားများကို အကောင်းဆုံး ပြုလုပ်နိုင်ရန် နိုးဆော်ထားသည်။ သူခိုးသည် အမှောင်ထုကို ကြိုက်နှစ်သက်သည်။ အိမ်ရှင်စိတ်ပြန့်လွင့်နေမည့်အချိန်၊ သတိမရှိသည့်အချိန်ကို စောင့်မျှော်သည်။ အဆက်မပြတ်အကဲခတ်သည်။ အိမ်များတွင် သူခိုးမဝင်နိုင်ရန် ကောင်းမွန်သော၊ ခိုင်ခံသောတံခါးဖြင့် ပိတ်ကြသည်။ ခွေးကောင်းကောင်းမွေးကြသည်။
သခင်ယေဇူးသည် သူခိုးနှင့်သေခြင်းကို နှိုင်းယဉ်ထားသောကြောင့် ကြောက်စိတ်ဝင်ရန် မြွက်ကြားခြင်းမဟုတ်ပေ။ ကျွန်ုပ်တို့၏ နေ့ရက်များသည် ရေတွက်ထားပြီးသား ဖြစ်သည်။ ကျွန်ုပ်တို့၏အသက်သည် ဘုရားသခင်၏ လက်ထဲတွင်သာ ရှိသည်။ အချိန်တိုင်း၌ ကောင်းစွာအသက်ရှင်လုပ်ကိုင်နိုင်ရန် အရေးကြီးကြောင်း သခင်ယေဇူးနိုးဆော်ထားခြင်း ဖြစ်သည်။ ကောင်းသောဘဝကို တည်ဆောက်ခြင်းကောင်းမှု ကုသိုလ်ပြုခြင်းဖြင့် အဘယ်အကျိုးကို မျှော်မှန်းကြသနည်း။ ဤခန္ဓာကိုယ်သေဆုံးပြီးသောအခါ မကုန်မဆုံးနိုင်သော ထာဝရသုခချမ်းသာရရှိရန် ဖြစ်သည်။ ကက်သလစ်အသင်းတော်၏ မြတ်သောအယူဝါဒ ( CCC1023) ရေးသားထားသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့်မိတ်ဆွေဖြစ်ခြင်း၌ သေဆုံးသွားကြသောသူအားလုံးတို့သည် ခရစ်တော်နှင့်အတူ အသက်ရှင်ရန် ဆေးကြောသန့်စင်ထားခြင်း ခံကြရသည်။ သူတို့သည် ဘုရားသခင်နှင့်တူ၍ ဘုရားသခင်ကို မျက်နှာချင်းဆိုင်ဖူးမြင် ရလိမ့်မည်။ ထို့ကြောင့် သေခြင်းကို ကြောက်ရန်မလိုပါ။ သေခြင်းကြောင့် ဤလောက၏ တံခါးပိတ်သွားသော်လည်း ကောင်းကင်နိုင်ငံတော်အတွက် တံခါးဖွင့်လိုက်ခြင်း ဖြစ်သည်။ သူခိုးနှင့်တူသော အပြစ်ဒဏ်စီရင်ခြင်းမခံရစေရန် အကျင့်သီလပါရမီများအားဖြင့် နာရီတိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို ချစ်ခြင်းမေတ္တာဖြင့် ကုန်လွန်စေကြပါစို့။