ဒီနေ့သခင်ခရစ်တော် ဆေးကြောခြင်းခံယူတဲ့ပွဲနေ့ ဖြစ်ပါတယ်။ ခရစ်တော်သခင် ဆေးကြောခြင်း ခံယူစဉ်မှာ အဖခမည်းတော်ဘုရားက ယေဇူးသခင်ဟာ သူချစ်မြတ်နိုးရတဲ့ သားတော်ပါလို့ သက်သေတည်လိုက်ပါတယ်။ ထို့အတူပဲ ကျွန်ုပ်တို့တစ်ဦးစီသည်လည်း ဆေးကြောခြင်းမင်္ဂလာကို ခံယူပြီးလျှင် အပြစ်သားဘဝမှ ဘုရားရဲ့အမွေစား၊ အမွေခံသားသမီးဘဝကို ပိုင်ဆိုင်ကြရပါတယ်။ သိကြတဲ့အတိုင်းပါပဲ။ လူရယ်လို့ဖြစ်လာရင် အခွင့်အရေးနဲ့အတူ တာဝန်ဝတ္တရားဆိုတာလည်း အတူတွဲပါလာပါတယ်။ အခွင့်အရေးယူပြီး တာဝန်ယူမှု၊ တာဝန်ခံမှု မကျေပွန်လျှင် သားသမီးဝတ္တရား ဘယ်ကျေပွန်ပါ့မလဲ။
သခင်ခရစ်တော်ဟာ ဆေးကြောခြင်းခံပြီးနောက် နတ်ဆိုးရဲ့နှောက်ယှက်ခြင်းတွေ ခံခဲ့ရတယ်။ အစာရှောင်၊ ဆုတောင်းခြင်းတွေ ပြုခဲ့တယ်။ လူတွေ ကယ်တင်ခြင်းရဖို့ တရားဒေသနာ လိုက်လံဟောကြားခဲ့တယ်။ လူနာတွေကို ကုသခဲ့ပါတယ်။ သခင်ခရစ်တော်က နောက်ဆုံး ကားတိုင်ပေါ်မှာ အသေခံတော်မူသည့်တိုင်အောင် သူလုပ်ဆောင်ရမဲ့ ဝတ္တရားတွေကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပါတယ်။
ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း သားသမီး ဖြစ်ခွင့်ရခြင်းနှင့်အတူ ဘုရားသခင်နှင့် လူသားတွေကို ချစ်ဖို့၊ အစေခံဖို့ တာဝန်တွေ ရှိလာပါတယ်။ ”ဘုရားသခင်ကို ချစ်ခြင်းဆိုသည်မှာ ကိုယ်တော်၏ ပညတ်တော်များကို စောင့်ထိန်းခြင်း ဖြစ်သတည်း။“ (1 Jn 5:3)၊ဆိုတော့ ဘုရားကိုချစ်တဲ့ သားသမီးတိုင်း ပညတ်တော်များကို စောင့်ထိန်းခြင်း၊ ကျင့်ဝတ်များကို လိုက်နာခြင်းစတဲ့ ဆောင်ရန်၊ ရှောင်ရန်များကို ကျင့်ပြုလိုက်နာမှသာ အဆုံး၌ သရဖူကို ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် လောကကို အောင်နိုင်စေခြင်းဟာ ဘုရားကိုယုံကြည်ခြင်းပဲ ဖြစ်တဲ့အတွက် အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် ကိုယ်တော်ရှင်ကို ယုံကြည်စွာနှင့် ဘဝအသက်တာကို အပ်နှံထားကြပါစို့။ ရှင်ပြန်ထမြောက်ခြင်း၏အရှင် ကျွန်ုပ်တို့ကို ခေါ်ဆောင်ပါလိမ့်မည်။
အိုဘုရားသခင်၊ တပည့်တော်တို့သည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော မြင့်မြတ်သည့် စိတ်သဘောထားနှင့် ပြည့်ဝသူများဖြစ်စေတော်မူပါ။ အာမင်။
ခရစ်တော်၏အလင်းကျေးဇူးတော်၌
#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)