(၂၉) ကြိမ်မြောက်သာမန်သီတင်းပတ်၊
(၂၁) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၁၂း ၅၄- ၅၉
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr.Sabina Hla Yee Win, ISR
“အနောက်အရပ်မှမိုးတိမ်တက်လာသည်ကို မြင်သောအခါ မိုးရွာလိမ့်မည်။ တောင်လေတိုက်လာသောအခါ နေအလွန်ပူမည်ဟု သင်တို့ပြောတတ်ကြ၏။ အသင်သူတော်ကောင်းဆောင်သောသူတို့သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အသွင်အပြင်ကို သိမြင်ပြောနိုင်ကြပါလျက်၊ ယခုခေတ်ကာလကို အဘယ်ကြောင့် ပိုင်းခြား၍ မသိကြသနည်း။ ယနေ့ကျမ်းစာတော်မြတ်မှ သူတော်ကောင်းယောင်ဆောင်သောသူများကို အသိရစေသည်။ ဘဝတွင် အခြေအနေအရပ်ရပ်ကြောင့် ဟန်ဆောင်ဖူးကြမည်ဖြစ်သည်။ ဟန်ဆောင်ခြင်းဆိုသည်မှာ မူလအသွင်အပြင်ကို ဖုံးကွယ်လိုက်ခြင်း ဖြစ်သည်။ ဥပမာ- ဆင်းရဲသူက ချမ်းသာသူကဲ့သို့ဟန်ဆောင်ခြင်း၊ ချမ်းသာသူကဆင်းရဲသူအဖြစ် ဟန်ဆောင်ခြင်း၊ အရှက်ရစေသည့် အပြုအမူတစ်ရပ်နှင့်ကြုံတွေ့နေရသော်လည်း အိန္ဒြမပျက်ဟန်ဆောင်ခြင်း အစရှိသဖြင့် ဖြစ်သည်။
ဟန်ဆောင်ခြင်းနှင့်ပတ်သက်၍ ထောက်ရှုနေချိန်တွင် ကျွန်ုပ်အလွန်နှစ်သက်သော ဆာလံတစ်ပိုဒ်ကို သတိရမိသည်။ ဆာလံကျမ်း (၁၃၉) ဖြစ်သည်။ “အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍သိတော်မူ၏။ အကျွန်ုပ်၏ အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏။ အကျွန်ုပ်သည် စကားတစ်ခွန်းကိုမျှ မမြွက်သော်လည်း အိုထာဝရဘုရားကိုယ်တော်သည် အကြွင်းမဲ့သိတော်မူ၏။ အကယ်စင်စစ် မှောင်မိုက်သည် ရှေ့တော်၌ အဘယ်အရာကိုမျှ မဖုံးနိုင်ပါ။ ”ဘုရားသခင်သည် စစ်မှန်သောနှလုံးသားကိုသာ နှစ်သက်တော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် ခိုအောင်းနေသော မကောင်းသောဟန်ဆောင်မှုကို ချွတ်ခွာရပါမည်။ ကောင်းသောဟန်ဆောင်ခြင်းများလည်း ရှိပါသည်။ မိမိကိုထိခိုက်ပြစ်မှားသောသူအား ခွင့်လွတ်ခြင်း၊ မေတ္တာတရားမထားချင်သော်လည်း သခင်ယေဇူး၏ မျက်နှာကိုထောက်၍ ခွင့်လွတ်ခြင်း၊ မေတ္တာတရားထားခြင်း၊ မိမိ၏အတ္တစိတ်ကို ချိုးနှိမ်လျက် သူတစ်ပါးနှင့် ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံခြင်းအစရှိသဖြင့် ကျင့်ကြံခြင်းအားဖြင့် ပါရမီ တိုးတက်လာမည် ဖြစ်သည်။