(၂၉) ကြိမ်မြောက်သာမန်သီတင်းပတ်၊
(၂၂) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၂၃း ၁-၉
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr. Sabina Hla Yee Win, ISR
ယနေ့အသက်ပေးနှုတ်ကပတ်တော်ကို အပိုင်း (၂) ပိုင်းဖြင့် ထောက်ရှုနိုင်သည်။ ပထမပိုင်းတွင် ပီလာတူးမင်း၏ ပူဇော် သက္ကာယအတွက် ဂါလေလေးယနယ်သား တစ်ချို့အသတ်ခံရသောကြောင့် အခြားဂါလေလေးယနယ်သားတို့ထက် ပို၍အပြစ်ကြီးသောကြောင့် ထိုသို့ဖြစ်သည်ဟု ထင်မှတ်ကြ၏။ သို့သော် သခင်ယေဇူးက ထိုသို့မဟုတ်။ စီရင်ဆုံးဖြတ်နေကြသောသူများသာလျှင် နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်မည့်အကြောင်း မိန့်တော်မူ၏။
ဧဝံဂေလိကျမ်းစာတော်မြတ်၏ ဒုတိယပိုင်းတွင် သဖန်းပင်၏ပုံဥပမာကိုမြင်နိုင်သည်။ သဖန်းပင်သည် သုံးနှစ်တိုင်တိုင် အသီးမသီးသောကြောင့် ဥယျာဉ်ပိုင်ရှင်မှ ဥယျာဉ်မှူးအားခုတ်ပစ်ရန်ပြောသောအခါ စပျစ်ဥယျာဉ်မှူးက “သခင်ယခုနှစ်တွင်လည်းဤအပင်ကို မည်သို့မျှမပြုပါနှင့်။ အကျွန်ုပ်သည် အပင်ပတ်ပတ်လည်း၌ တူးဆွ၍မြေသြဇာထည့်ပါမည်။ နောင်နှစ်တွင် အသီးသီးကောင်းသီးပါလိမ့်မည်။ ထိုသို့မသီးလျှင်မူ သခင်ခုတ်ပစ်နိုင် ပါသည်ဟု လျောက်လေ၏။ ပုံဥပမာတွင် ဥယျာဉ်ပိုင်ရှင်သည် ခမည်းတော်ဘုရားဖြစ်ပြီး၊ သဖန်းပင်မှာ ကျွန်ုပ်တို့ လူသားများဖြစ်သည်။ လူဘဝတွင် တစ်ခါတစ်ရံအကျိုးမဲ့စွာ နေထိုင်တတ်ကြသည်။ ထိုအခါ အသီးမသီးသော သဖန်းပင်နှင့်တူပါသည်။ သို့သော် ဥယျာဉ်မှူး၏ တောင်းပန်ချက်ကြောင့် နောက်တစ်နှစ်ဆိုသည့် အခွင့်အရေးရလိုက် သည်။ ဤအခွင့်အရေးကို လက်လွတ်မခံသင့်ပေ။
စပျစ်ဥယျာဉ်မှူးဖြစ်သော သားတော်ဘုရား၏ တောင်းပန်သံသည် သဖန်းပင်ပျက်စီးမည်ကို စိုးရိမ်ခြင်း၊ အသီးသီးအောင် မိမိဘက်မှအတတ်နိုင်ဆုံး ကြိုးစားလိုခြင်း၊ စိတ်ရှည်ခြင်း၊ မျှော်လင့်ချက်အပြည့်အဝ ထားခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ သဖန်းပင်ဖြစ်သော ကျွန်ုပ်တို့ဘက်မှလည်း တုန့်ပြန်ရန်လိုအပ်သည်။ ယနေ့သည် ရဟန္တာမြတ် ဒုတိယမြောက်ဂျွန်ပေါလ်၏ပွဲနေ့ ဖြစ်သည်။ အမိအသင်းတော်ကြီးကို ဦးဆောင်ရန် ပလ္လင်အပ်နှင်းခြင်းနေ့တွင် ပြောကြားခဲ့သော စကားလုံးများသည် နှက်ရှိုင်းပြီး၊ သူ၏ရဟန်းမင်းကြီးနန်းစံ တစ်လျှောက်လုံးတွင် မကြာခဏပြန်လည် ပြောတတ်သည်။ “ မကြောက်နဲ့၊ ခရစ်တော်ရှင်နဲ့ သူ့ရဲ့သြဇာအာဏာကို လက်ခံဖို့ မကြောက်နဲ့၊ ခရစ်တော်ဆီသို့ တံခါးကျယ်ကျယ်ဖွင့်ပေးလိုက်ပါ။ မကြောက်ကြနဲ့။ ခရစ်တော်ရှင်ဟာ ကျွန်ုပ်တို့လူသားတွေရဲ့ စိတ်ထဲမှာ ဘာရှိသလဲဆိုကာ သိနေပါတယ်။ (St. Pope John II, ၂၂ရက် အောက်တိုဘာ ၁၉၇၆ ခုနှစ်၊)