(၃၀) ကြိမ်မြောက်သာမန်သီတင်းပတ်၊
(၂၃) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၁၈း ၉-၁၄
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr. Sabina Hla Yee Win, ISR
တစ်ဆူးတည်းသောဘုရားထံစိတ်နေစိတ်ထားမတူညီသော လူနှစ်ဦး၏ဆုတောင်းခြင်းကို ယနေ့ဧဝံဂေလိကျမ်းတွင် ဖတ်ရှုကြားနာရသည်။ လူနှစ်ယောက်သည် ဆုတောင်းရန် ဗိမာန်တော်သို့ သွားကြသည်။ တစ်ယောက်သည် ဖာရီဇေဦးဖြစ်၍ အခြားတစ်ယောက်မှာ အခွန်ခံသူဖြစ်သည်။ ဖာရီဇေဦး၏ ဆုတောင်းသံကို နားဆင်ကြည့်ကြပါစို့။ “အိုဘုရားသခင် ကျွန်ုပ်သည် အခြားသူများကဲ့သို့လုယက်သောသူ၊ မတရားသောသူ၊ သူတစ်ပါး၏မယားကို ပြစ်မှားသောသူမဟုတ်သည့်အပြင် ဤအခွန်ခံသူကဲ့သို့လည်း မဟုတ်သောကြောင့် ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။” ဖာရီဇေဦး၏ ဆုတောင်းခြင်းတွင် မိမိကိုယ်ကို ချီးမြောက်ယုံသာမက သူတစ်ပါးကိုပါ ထိခိုက်သည်။
နှိုင်းယှဉ်ခြင်းတွင် ကောင်းကျိုးကိုပေးတတ်သော နှိုင်းယှဉ်ခြင်းနှင့်ဆိုးကျိုးကို ပေးတတ်သောနှိုင်းယှဉ်ခြင်းဟူ၍ ရှိသည်။ မိမိထက်တော်သူ၊ တတ်သူကို မိမိနှင့်နှိုင်းယှဉ်လျက် ထိုသူကဲ့သို့တော်ရန်တတ်ရန် ကြိုးစားအားထုတ်ခြင်းသည် ကောင်းသောနှိုင်းယှဉ်ခြင်း ဖြစ်သည်။ မိမိထက်နိမ့်ကျသူကို မိမိနှင့်နှိုင်းယှဉ်လျှက် မာနတက်နေခြင်း၊ သူတစ်ပါးကို ချိုးနှိုမ်ခြင်းသည် မကောင်းသော နှိုင်းယှဉ်ခြင်းဖြစ်သည်။
နှိုမ့်ချခြင်းရှိသူကို အများကနှစ်သက်သည်။ ဘုရားသခင်သည် စိတ်နှလုံးနှိမ့်ချသူကို ချီးမြှောက်တော်မူ၏။ အခွန်ခံသူကဲ့သို့ “အိုဘုရားသခင်၊ အပြစ်ရှိသူ အကျွန်ုပ်ကို သနားတော်မူပါ”ဟု ဆုတောင်းတတ်ရမည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏သနားကရုဏာတော်နှင့် ချစ်ခြင်းမေတ္တာကို အစဉ်အလိုရှိကြသည်။ စိန်ဒေါမိနစ်ပြောခဲ့သည်မှာ “အပြင်အပအားဖြင့် ဂုဏ်ဖော်ပြသခြင်း၊ သို့မဟုတ်စကားထိုးစစ်ခြင်းတွေထက် နှိမ့်ချခြင်းနှင့်အခြားပါရမီများရဲ့ နမူမာကောင်းများအားဖြင့် အယူဝါဒလွှဲမှားသူများကို အကျင့်တရားပြောင်းလဲခြင်းစေနိုင်တယ်။ ဒါကြောင့် မိမိကိုယ်ကို ထက်သန်တဲ့ဆုတောင်းမေတ္တာများနဲ့ ကျွန်ုပ်တို့ ဆင်မြန်းကြပြီး၊ စစ်မှန်တဲ့နှိမ့်ချခြင်းရဲ့ လက္ခဏာတွေကို ပြကြစို့။