(၃၀) ကြိမ်မြောက်သာမန်သီတင်းပတ်၊
(၂၄) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၂၃း ၁၀- ၁၇
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr. Sabina Hla Yee Win, ISR
ယနေ့အသက်ပေးနှုတ်ကပတ်တော်တွင် ဥပုသ်နေ့၌ သခင်ခရစ်တော်သည် နတ်ဆိုးပူး၍ တစ်ဆယ့်ရှစ်နှစ်ပတ်လုံး မသန်မစွမ်းဖြစ်နေသော အမျိုးသမီးအား ရောဂါမှပျောက်ကင်းစေသည်။ ပညတ်တော်များအရ ရက်သတ္တပတ်တွင် ခြောက်ရက်အလုပ်လုပ်၍ သတ္တမနေ့ဥပုသ်နေ့တွင် အလုပ်မလုပ်ရချေ။ သခင်ခရစ်တော်၏ အနာရောဂါမှကင်းလွတ် စေသည့်လုပ်ရပ်သည် ပညတ်တော်များကို ဆန့်ကျင်ရာရောက်သည်။ သခင်ခရစ်တော်ကို လက်ခံမိသော တရားဇရပ်မှူးအတွက် အမျက်ထွက်စရာအကြောင်း ဖြစ်လာသည်။ အခြားသူများအပြစ်တင်ကြမည်ကိုလည်း ကြောက်ရွံနေသည်။
ထိုအခါကိုယ်တော်က “သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့အသီးသီးသည် ဥပုသ်နေ့၌ မိမိ၏နွားသို့မဟုတ် မြည်းကိုတင်းကုတ်မှလွတ်၍ ရေတိုက်ရန် ခေါ်ဆောင်သွားကြသည်မဟုတ်လော။ နွားထက်တန်ဖိုးကြီးသော အာဘရာဟံ၏သမီးဖြစ်သူကို ရောဂါမှ ကင်းလွတ်စေခြင်းသည် အပြစ်မဟုတ်ကြောင်း ကိုယ်တော်ရှင် မိန့်မြွက်တော်မူ၏။ အသက်နှင့်ကိုယ်ခန္ဓာကျန်းမာခြင်းသည် အဖိုးထိုက်တန်သော ဆုကျေးဇူးတော်များဖြစ်ပြီး၊ ဘုရားသခင်မှ ကျွန်ုပ်တို့အား ပေးအပ်ထားသောအရာများဖြစ်သည်။ ထို့ကြောင့် ကရုစိုက်ရန် ကျွန်ုပ်တို့တွင် တာဝန်ရှိသည်။ မိမိ ကျန်းမာရန်သာမဟုတ်ဘဲ၊ အခြားသောသူများကျန်းမာရန်လည်း ကူညီရန်ကျွန်ုပ်တို့တွင် တာဝန်ရှိသည်။ (CCC 2288)
ကျွန်ုပ်တို့လူသားများသည် ကျန်းမာရေးအတွက် အမျိုးမျိုးကြိုးပမ်းကြသည်။ အကုန်အကျခံကြသည်။ သခင်ယေဇူးသည် အမျိုးသမီးအား အပြင်အပအားဖြင့် ခန္ဓာကိုယ်၏ ကျန်းမာခြင်းကိုလည်း ပေးသည်။ ကျွန်ုပ်တို့ တစ်ဦးစီ၏ ဝိညာဉ်အနာအဆာများကို ပြန်လည်စစ်ဆေးကြပါစို့။ ဝိညာဉ်၏ကျန်းမာခြင်း၊ စိတ်၏ကျန်းမာခြင်း၊ ခန္ဓာကိုယ်၏ကျန်းမာခြင်းအတွက် သမားတော်ဖြစ်တော်မူသောသခင်ယေဇူးထံ ကျေးဇူးတော်များကို တောင်းခံကြပါစို့။