(၂၉) ကြိမ်မြောက်သာမန်သီတင်းပတ်၊
(၂၇) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၁၃း ၃၁- ၃၅
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr. Sabina Hla Yee Win, ISR
သခင်ခရစ်တော်က ဂျေရုစလင်မြို့သူ၊ မြို့သားအပေါထားရှိတဲ့ ချစ်ခင်ကြင်နာခြင်းကို လင်းယုံငှက်ကြီးနဲ့မဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ကြက်မကြီးနဲ့ ခိုင်းနှိုင်းထားပါတယ်။ သို့ပေမဲ့ ကြက်မကြီးဟာ မိမိရဲ့ကလေးတွေကိုရန်ပြုမဲ့ သားကောင်တွေ၊ အဆိပ်ပြင်းတဲ့မြွေတွေကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိနေတာ တွေ့ရတယ်။ သို့ပေမဲ့လည်း ဂျေရုဆလင်မှာ နေထိုင်သူများနဲ့ဦးစီးခေါင်းဆောင်များတွေဟာ သခင်ခရစ်တော်ယူဆောင်လာပေးတဲ့ အဖဘုရားရှင်၏ချစ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ သနားကြင်နာခြင်းကိုလက်ခံမှု မရှိကြပါ။ မြို့တော်တွင်း ဘုရားစေလွတ်ခြင်းခံရတဲ့ ပရောဖက်များကို သတ်ဖြတ်ခံခဲ့ရကြသလို သခင်ခရစ်တော်လည်း မိမိကိုယ်တိုင် ထိုပရောဖက်များကြုံရသကဲ့သို့ ခံရဦးမှာ ကြိုမြင်ထားသည်။ သို့သော် ငြိမ်းချမ်းခြင်း၏ဘုရင် ဆက်လက်ပြီး ဂျေရုဆလင်မြို့ထဲ ကြွဝင်အုံးမှာ ဖြစ်တယ်။ သခင်ခရစ်တော်ရဲ့ကားတိုင်လမ်းခရီးမှာ ဂျေရုဆလင်မြို့သူအမျိုးသမီးများ မိမိအတွက်မငိုကြွေးဘို့ သူတို့ရဲ့သားသမီးများအဖို့သာ ငိုကြွေးဘို့ပြောနေရခြင်းမှာ ဘုရားရှင်ကြွလာခြင်းကို လက်မခံတဲ့အတွက် မြို့တော်မှာကျရောက်မဲ့ဘေးအန္တာရာယ်ကို သူတို့ရိပ်မိနိုင်စွမ်း မရှိကြပါ။ ကြက်မကြီးက မိမိအတောင်အားဖြင့် ငှက်ကလေးတွေကို စုသိမ်းနေတဲ့ပုံရိပ်ဟာ ဘုရားရှင်ကျွန်ုပ်တို့ တစ်ဦးစီအပေါ်ထားရှိတဲ့ဘုရားရဲ့ မေတ္တာပုံရိပ်ဘဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ လောလောဆယ် ဒုက္ခအန္တာရာယ် ရင်ဆိုင်နေရချိန်မှာ ဘုရားရှင်ရဲ့ တောင်တော်အရိပ်အောက်ဘယ်အတိုင်းအတာအထိ ယုံကြည်ခိုလှုံနေပြီလဲ ကျွန်ုပ်တို့ ရင်ဆိုင်ကြုံတွေ့နေတဲ့နေတဲ့အရာတွေမှာ ခရစ်တော်ဟာ မသိကျိုးကျွံ လုပ်နေတာမဟုတ်ဘဲ သူကိုယ်တိုင်ဒုက္ခခံပြီးမှ ကယ်တင်ခြင်းသရဖူကို ကျွန်ုပ်တို့အားလုံးအတွက် ဆွတ်ခူးပေးသကဲ့သို့ ကျွန်ုပ်တို့လည်း သူရဲ့ဒုက္ခဝေစုတွင် ပါဝင်ခွင့်ရခြင်းသည် ခရစ်တော်၌ရင့်ကျက်သန်မာသော အောင်မြင်သူများဖြစ်ဖို့ရန် တွန်းပို့ပေးသည့်အရာများပင် မဟုတ်ပါလော။