(၂၉) ကြိမ်မြောက်သာမန်သီတင်းပတ်၊
(၂၉) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၁၄း ၁, ၇-၁၁
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr. Sabina Hla Yee Win, ISR
သခင်ယေဇူးဥပုသ်နေ့မှာ သြဇာကြီးမားသော ဖာရီဇေဦးအိမ်၌ သွားရောက်လည်ပတ်သည်။ စားသောက်ချိန်နီးကပ်လာသော်ဧည့်သည်အချို့သည် စားပွဲ၌မြင့်မြတ်သောနေရာကို ရွေးသည်ကို သတိထားမိသည်။ မြင့်မြတ်သောနေရာကိုရှာဖွေသောသူတို့သည် နှိမ့်ချခြင်းသို့ရောက်ကြောင်း သတိပေးသည်။ ဘုရားသခင်သည် အနိမ့်ဆုံးသောနေရာကိုယူလိုသောသူကိုသာ ချီးမြှောက်သည်။ ယေဇူးသည်လည်းအလားတူ သတိပေးချက်ကို လူတို့အားပေးတော်မူခဲ့သည်။အမှန်တကယ်ပင် နှိမ့်ချသောလူများသာ အောင်မြင်နိုင်သူများဖြစ်ကြပါသည်။ ကျွန်ုပ်တို့ကိုယ်စီ မိမိနှလုံးကို တကယ်တမ်းဆန်းစစ်ကြည့်ရင် လူတိုင်းအောင်မြင်လို သူများဖြစ်ကြပါသည်။ အချစ်ခံချင်ကြသည်။ ဂုဏ်ပြုအသိအမှတ်ပြုခံချင်ကြသူများ ဖြစ်ကြသည်။ ထိပ်ဆုံးလူ၊ ပထမလူဖြစ်ချင်ကြသည်။ တန်ခိုးကိတ္တိကြီးသူ၊ သူတစ်ပါးအားလွမ်းမိုးနိုင်သူဖြစ်ချင် ကြသည်။ တစ်ခါတစ်ရံ အချို့သောလူများက ဒါတွေကို ဂရုမစိုက်သူဖြစ်ရင် ပုံမှန်မဖြစ်သူများဟု သတ်မှတ်လေ့ရှိကြသည်။
ဤသို့ထင်မှတ်ပါက မှန်ကန်မည်မထင်ပါ။ သမိုင်းတစ်လျောက်ကြည့်ပါက ကြီးမြတ်သောပုဂ္ဂိုလ်များသည် အမှန်တကယ်နှိမ့်ချသောသူများဖြစ် ကြသည်။ နှိမ့်ချခြင်းဆိုသည်မှာ အမှန်တရားအတိုင်းနေခြင်းဖြစ်သည်ကို ခိုင်မြဲစွာ ယုံကြည့်ခဲ့ကြသူများ ဖြစ်သည်။ အမှန်တရားဟုဆိုရာတွင် ဘုရားနှင့်ယှဉ်လျှင် ကျွန်ုပ်တို့သည် ဘာမျှမဟုတ်ကြောင့် သိမြင်လက်ခံသည်။ မိမိ၌ရှိသော အရည်အချင်းနှင့် စွမ်းရည်များအားလုံးသည် ဘုရားထံမှ စွန့်ကြဲခြင်းသက်သက်သာဖြစ်၍ ထိုသို့ကြီးမားသူဖြစ်လာရလေအောင် များစွာသောလူတွေရဲ့ အကူအညီကြောင့်ဆိုတာ သိမှတ်ဝန်ခံသည်။ ဤသို့သောအမှန်တရားများကို အသိအမှတ်ပြုခဲ့ကြသူများသည် အမှန်ပင်နှိမ့်ချသူများ ဖြစ်ကြသည်။ အကြောင်းမှာ မိမိအထွတ်အထိပ်သို့ရောက်ရှိနေခြင်းသည် မိမိ၏အင်အားဖြင့် သာမဟုတ်ဘဲ အခြားသောသူများ၏ပံ့ပိုးကူညီပေးမှုကြောင့် ဖြစ်သည်။
နှိမ့်ချသူများသည် ရိုးသားဖြောင့်မတ်နိုင်ကြသည်။ သူတို့သည် မိမိတို့၏အထက်အမိန့်ကို နာခံကြသည်။ ဥပဒေအထက်၌ မိမိကိုယ်ကို မထားရှိဘဲဆုတံဆိပ်၊ နာမည်၊ အဆင်အယင်များအတွက်လည်း မပူပင်ပါ။ နှိမ့်ချသူများသည် ကြင်နာ၍ မေတ္တာတရားဆောင်ရွက်ခြင်း၌ နာမည်ကောင်းမရှာကြံပါ။ ဘဝတွင် အရေးကြီးသည့် အရာများသည်တိတ်ဆိတ်ငြိမ်သက်ရာ၌ ထွက်ပေါ်လာပြီး လေများကဲ့သို့ မမြင်နိုင်သော်လည်း အမှန်တကယ်အလွန်ပင် အရေးပါအရာရောက်ဆုံး ဖြစ်နေရသည်။ အခြားတဖက်၌လည်း နှိမ့်ချခြင်းကြီးမားလွန်းသူများသည် မာနကြီးသူများဖြစ်ကြောင်းကိုလည်း သတိချပ်အပ်လှသည်။ အနှိမ့်ချခံရခြင်းကို လက်ခံခြင်းလောက် အခြားနှိမ့်ချခြင်းများ မရှိနိုင်တော့ပေ။