ယနေ့ကျမ်းစာတွင် သခင်ခရစ်တော်သည် သူ၏ပထမဆုံးသော တပည့်တော်များဖြစ်သည့် စီမုံနှင့် အနြေးယ၊ ယာကုပ်နှင့် ယောဟန်တို့ကို ခေါ်တော်မူခြင်းအကြောင်းကို ဖတ်ရှုကြားနာရပါတယ်။
”ထိုကဲ့သို့ ယေဇူးခေါ်သောအခါ သူတို့သည်လည်း ချက်ခြင်းပင် မိမိတို့၏ပိုက်ကွန်များကို ထားခဲ့၍ နောက်တော်သို့ လိုက်ကြ၏။“(Mk 1:18) ဒီနေရာမှာ ”ချက်ခြင်း“ ဆိုတဲ့စကားလုံးလေးကို စဉ်းစားကြည့်ကြပါစို့။ ချက်ခြင်းနောက်တော်သို့ လိုက်သွားကြသည်။ ဒါဟာဆိုရင် နားထောင်ခြင်း၊ ရိုသေလေးစားခြင်း၊ စိတ်ဝင်စားမှုရှိခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စေတနာရှိခြင်းစတဲ့ အဓိပ္ပါယ်တွေပါဝင်နေတဲ့ လုပ်ဆောင်ခြင်းဆိုတဲ့သဘောကို သက်ရောက်စေပါတယ်။
တပည့်တော်ကြီးတွေမှာလည်း သူတို့မိသားစု၊ အလုပ်အကိုင်၊ မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားမယားစသည့် သံယောဇဉ်ကိုယ်စီ ရှိကြပါတယ်။ ဒီသံယောဇဉ်တွေကို အကုန်စွန့်ခဲ့ပြီး ခရစ်တော်နောက်ကို ချက်ခြင်းလိုက်သွားခြင်းသည် သူတို့၏ဆက်ကပ်ခြင်းနှင့် နားထောင်ခြင်းများ ကြီးမားသည်ကို လေးစားအတုယူဖွယ်တွေ့ရသည်။ သူတို့တွေ ထိုကဲ့သို့နားထောင်ခဲ့ကြသောကြောင့် ယနေ့အသင်းတော်ကို နှစ်ပေါင်း-၂၀၀၀-ကျော်တိုင် ခရစ်တော်ကို ဗဟိုပြု၍ ဆက်လက် လက်ဆင့်ကမ်း တည်ရှိနိုင်ခြင်းဖြစ်သည်။
ကျွန်ုပ်တို့လည်း ခရစ်ယာန်များပီပီ ခရစ်တော်၏ခေါ်သံကို နားထောင်ပြီး သာသနာတော်ကြီး ဆက်လက်အဓွန့်ရှည်ရန် ဆက်ကပ်ကြပါစို့။ နားထောင်ခြင်းဆိုသည်မှာ အပြောသက်သက်မဟုတ် အလုပ်ဖြင့်သက်သေပြခြင်း ဖြစ်သောကြောင့် ကောင်းမှုကိုဆောင်၊ မကောင်းမှုကို ရှောင်ရမည့်အရာများကို နှောင့်နှေးခြင်းမရှိဘဲ ဘုရားကိုချစ်ခြင်းဖြင့် ပြုလုပ်ကြရန် ကြိုစားကြပါစို့။
အိုဘုရားသခင်၊ တပည့်တော်တို့၌ နာခံတတ်သောစိတ်ဝိညာဉ်ကို ပေးသနားတော်မူပါ။ အာမင်။
ခရစ်တော်၏အလင်းကျေးဇူးတော်၌
#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)