(၃၁) ကြိမ်မြောက်သာမန်သီတင်းပတ်၊
(၃၀) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ ၁၉း ၁-၁၁
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr. Sabina Hla Yee Win, ISR
ဘုရားသခင်က လူမျိုးပေါင်းစုံ၊ အသားအရောင်၊ အဆင့်အတန်းမျိုးစုံ၊ ရုပ်ရည်မျိုးစုံကို တမူထူးခြားအောင် ဖန်ဆင်းထားပါတယ်။ ဘယ်လိုဘဲကွဲပြားမှုရှိနေပါစေ တစ်ခုတည်းသောပန်းတိုင်က ဘုရားကိုယုံကြည်ခြင်း၊ ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဘဝဘယ်လိုအဖြစ် အခြေအနေမှာဘဲရှိနေခဲ့ပါစေ ဇာခေဦးကို အတုယူနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဇာခေဦးဟာ အခွန်ခံဘဝနဲ့ဘယ်လောက်ဘဲမတရားမှုတွေကို လုပ်ခဲ့ပါစေ၊ သခင်ခရစ်တော်နဲ့ တွေ့လိုက်တဲ့အခါမှာ သူ့ရဲ့နှလုံးသားပြောင်းလဲသွားတယ်။ ကျွန်ုပ်တို့လည်း ဒီလိုပါဘဲ အတိတ်ဘဝမှာ ဘယ်လောက်ပဲမတရားမှုတွေ၊ လောဘ၊ ဒေါသစတဲ့အရာတွေကို လုပ်ခဲ့ပါစေ သခင်ခရစ်တော်ကို တွေ့ရှိပြီး သူ့ကိုလက်ခံကြိုဆိုနိုင်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ဘဝတစ်ခုလုံး ပြောင်းလဲလာပါလိမ့်မယ်။ ကျွန်ုပ်တို့ရဲ့ ဘဝမှာလည်း မကောင်းမှုဆိုတာကို လုပ်ဖို့ဆန္ဒရှိတော့မှာမဟုတ်ဘူး။ ဒါပေမဲ့ အဓိကလိုအပ်တဲ့အရာကတော့ ကျွန်ုပ်တို့ရဲ့နှလုံးသားက ဘုရားအတွက်နေရာပေးဖို့ ဖြစ်တယ်။ ဇာခေဦးလုပ်တဲ့အပြစ်မျိုး ကျွန်ုပ်တို့လည်း လုပ်ဖူးကြပါတယ်။
အပြစ်အမျိုးအစားမတူတာကတော့ ရှိနိုင်ပါတယ်။ ဘုရားကိုနေရာပေးပြီဆိုတာနဲ့ ကျွန်ုပ်တို့ရဲ့ အပြစ်တွေက ပိန်းရွက်ပေါ်ရေလောင်းချသလို ဖြစ်သွားပါလိမ့်မယ်။ ဘုရားကလည်း ကျွန်ုပ်တို့ကို အမြဲတမ်းကြိုဆို လက်ခံနေပါတယ်။ ကျွန်ုပ်တို့ကသာ အပြစ်ရှိလို့ ဘုရားနဲ့ဝေးရာကို ထွက်ပြေးနေပေမဲ့ ဘုရားကကျွန်ုပ်တို့နဲ့အမြဲ မကွာရှိနေပါတယ်။ ဒီအချက်ကို ကျွန်ုပ်တို့ စွဲမြဲစွာယုံကြည်ထားရပါမယ်။ အပြစ်ထဲကျရောက်ပြီး ဘုရားဆီရောက်အောင် အပြစ်မှရုန်းထွက်နိုင်တဲ့သူက ဘုရားရဲ့နှက်ရှိုင်းတဲ့ ချစ်ခြင်းကို ပိုခံစားရတယ်။ ဒါကြောင့်လည်း ဘုရားအပေါ်မှာ ယုံကြည်ခြင်းရှိတယ်၊ ဘုရားရဲ့ချစ်ခြင်းကိုလည်း အရင်ကထက် ပိုပြီးခံစားတတ်တယ်၊ စိတ်နှလုံးတည်ငြိမ်အေးချမ်းမှုကိုလည်း ခံစားရတယ်၊ ဒါကြောင့် ကျွန်ုပ်တို့အားလုံး ဘုရားရှင်ကို မိမိတို့ရဲ့ဘဝမှာကြိုဆိုလက်ခံကာ ယုံကြည်ခြင်းတိုးပွားဖို့ ကြိုးစားကြပါစို့။ ဇာခေဦးရဲ့ဘဝကိုလည်း အတုယူပြီး ခရစ်တော်ရဲ့ ချစ်ခြင်းကိုပွေ့ပိုက်ကြပါစို့။ ကျွန်ုပ်တို့ရဲ့ဘဝမှာ ဘာပဲဖြစ်ခဲ့ပါစေ ပြောင်းလဲခြင်းရှိဖို့ အမြဲကြိုးစားရမှာ ဖြစ်တယ်။ ပြောင်းလဲခြင်းဆိုတာ ကိုယ်ပြုခဲ့တဲ့အပြစ်အားလုံးကို တာဝန်ယူခြင်း၊ မှန်ကန်တဲ့လမ်းကို ပြန်လည်ရွေးချယ်လျှောက်လှမ်းနေခြင်းလည်း ဖြစ်ပါတယ်။