Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-10-29 01:56:26
၃၁)ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့ (C)
တိုလီမုတ်စဩဝါဒ (လုကာ ၁၉:၁-၁၀)
ဖာသာရ် ဘယ်နာဒီးနိုနဲနယ်

ကနေ့ဧဝံဂေလိကျမ်းထဲက အခွန်ခံသူဇာခေးဦးရဲ့ဘဝကောက်ကြောင်းကို ဖတ်ရှုရတဲ့အခါ အချက်သုံးချက်ကို ဆင်ခြင်မိတယ်။ ပထမအချက်က အမြင်အာရုံဆိုင်ရာထောက်ရှုချက်ပါဘဲ။ ဇာခေးဦးဖြစ်ရပ်မတိုင်ခင်မှာ ဂျေရီခိုအနီးက မျက်မမြင်သူတောင်းစားတစ်ယောက်ကို မျက်စိပြန်မြင်နိုင်အောင် ကိုယ်တော်ရှင် ကုသပေးတော်မူခဲ့တယ်။ အခုလည်း ဇာခေးဦးက ယေဇူးရှင်ဟာ အဘယ်သူဖြစ်ကြောင်း မြင်တွေ့လိုခဲ့တယ်။ ဒါပေမယ့် အခွင့်အရေးမရှိလို့ အမိအရဖမ်းဆုပ်ရင်း သဖန်ပင်ပေါ် ရောက်နေခဲ့တယ်။ ကိုယ်တော်ရှင်က အပင်ပေါ်မော့ကြည့်ပြီး ဇာခေးဦးကို မြေကြီးပေါ် အမြန်ဆင်းလာခိုင်းခဲ့တယ်။ ပြီးတော့ ဇာခေးဦးအိမ်ကို ကြွ​ရောက်ဂုဏ်ပြုခဲ့တယ်။ ဇာခေးဦးကို အမြင်မှန်နိုင်ဖို့ အမှန်မြင်ခြင်းငှါ အမှားတွေကို အချိန်မှီ ကူညီပြင်ဆင်ပေးခဲ့တယ်။

 

ဒုတိယအချက်က ကြွယ်ဝချမ်းသာမှုဆိုင်ရာ ထောက်ရှုချက်ပါ။ ကျမ်းပြုဆရာရှင်လုကာဟာ ကြွယ်ဝပြည့်စုံမှုအပေါ် သုံးသပ်ဆုံးဖြတ်ပေးလေ့ရှိပြီး ဆင်းရဲသားအပေါ် ရက်ရောဆက်ဆံမှုကို ပြင်ဆင်လမ်းညွှန်ပေးလေ့ရှိတယ်။ ရှေ့ပိုင်းမှာ ဥစ္စာကြွယ်ဝတဲ့အရာရှိတစ်ဦး(၁၈:၁၈-၂၃)ကို သူ့မှာ ရှိသမျှဥစ္စာပစ္စည်းကို ရောင်းချပြီး ဆင်းရဲသားများကို ဝေငှပေးကမ်းဖို့ ကိုယ်တော်မိန့်မှာခဲ့ပေမယ့် လက်မခံနိုင်ဘဲ စိတ်ညှိုးငယ်စွာနဲ့ အဝေးကို ထွက်ခွါသွားခဲ့တယ်။ ကြီးပွါးချမ်းသာသူဇာခေးဦးကတော့ စိတ်ထားရင်းပြောင်းလဲကာ သူ့ဥစ္စာပစ္စည်းထက်ဝက်ကို ဆင်းရဲသားများအား ဝေငှပေးပြီး ကျူးလွန်မိခဲ့တဲ့ မတရားမှုအတွက် လေးဆအထိ ပြန်လည်ဆပ်ပေးမယ့်အကြောင်း ကတိပြုခဲ့တယ်။ ကိုယ်တော်ရှင်က “ကယ်တင်ခြင်းသည် ယနေ့ ဤအိမ်သို့ ရောက်လာလေပြီ၊” လို့ သာဓုခေါ်လို့ မင်္ဂလာစကား မိန့်ဆိုခဲ့ပါတယ်။

 

တတိယထောက်ရှုမိတဲ့အချက်က ဇာခေးဦးဟာ အရပ်နိမ့်သောသူ ဖြစ်တယ်။ဒါ့အပြင် ကိုယ်ကျင့်တရားမှာလည်း ချိ့နဲ့အားနည်းသူဖြစ်ကြောင်း လူအပေါင်းတို့ရဲ့တုန့်ပြန်ချက် (“သူသည် အပြစ်ရှိသူတစ်ဦး၏အိမ်သို့ ဝင်၍တည်းခိုလေပြီတကား”) ကို ထောက်ခြင်းဖြင့် သိရှိနိုင်တယ်။ ခုလိုပြုမှုလုပ်ဆောင်တာဟာလည်း ဒါက ပထမဆုံးကြိမ် မဟုတ်ပါဘူး။ ဘက်သနီရွာမှာ အမျိုးသမီးတစ်ဦးက တန်ဖိုးကြီးဆီမွှေးနဲ့ ကိုယ်တော်ရှင်ရဲ့ခြေအစုံကို လမ်းကျံပေးပြီး သူမရဲ့ဆံပင်နဲ့ သုတ်ပေးချိန် ဝေဖန်ရှုတ်ချခြင်းခံခဲ့ရတယ်။ ဒီကနေ့ အခွန်ခံအကြီးအကဲဆိုသူကတော့ ယေဇူးရှင်ကို သူ့အိမ်မှာ လှိုက်လှဲစွာ ကြိုဆိုဧည့်ခံပြီး ကယ်တင်ခြင်းကျေးဇူးကို တန်ဖိုးထားတုံ့ပြန်လေတယ်။

 

ကျမ်းစာလာဖြစ်ရပ်မှာ မဖြစ်နိုင်စရာတွေများစွာတွေ့ရှိနိုင်ပါတယ်။ မဖြစ်နိုင်စရာတွေက အခွန်ခံအကြီးအကဲဆိုသူက ကိုယ်တော်ရှင်ကို မြင်တွေ့လိုခြင်း၊ ကိုယ်တော်ရှင်က အပြစ်သားဖြစ်တဲ့ အခွန်ခံသူတစ်ဦးအိမ်သို့ ကြွရောက်ချီးမြှင့်ခြင်း၊ ဇာခေးဦးက သူ့အပြစ်ကို အများရှေ့မှာ ထုတ်ဖော်ဝန်ခံခြင်း၊ သူ့အမှားများအတွက် ပြန်လည်ပေးဆပ်မယ့်ကတိကို ပြုခြင်း၊ အခွန်ခံသူဇာခေးဦးကို အာဘရာဟံရဲ့သားအဖြစ် ကိုယ်တော်ရှင်ထုတ်ဖော်ကြေညာခြင်း၊ ဇာခေးဦးသာမက တစ်မိသားစုလုံးဟာ ကယ်တင်ခြင်းကျေးဇူးကို ရရှိခံစားနိုင်ကြခြင်း စတဲ့အချက်တွေပါ။ ဒီဇာခေးဦးရဲ့ ဘဝကောက်ကြောင်းဟာ “လူတို့ မတတ်နိုင်သောအရာကို ဘုရားသခင် တတ်နိုင်တော်မူသည် (၁၈:၂၇)” လို့ဆိုတဲ့ သွန်သင်ချက်ကို ဥပမာအဖြစ် ပြသပေးလိုက်တာပါဘဲ။

 

အရပ်နိမ့်ပြီး လူအုပ်ကြီး တားဆီးထားခြင်းနဲ့ ကြုံပေမယ့် အရှက်သိက္ခာကို မငဲ့ဘဲ ကိုယ်တော်ရှင်ကို မရရအောင် မြင်တွေ့ဖို့ ကြိုးပမ်းအားထုတ်ခဲ့သူကို ဘုရားရှင်က မြင်တွေ့ပြီး သူ့ရဲ့ဝမ်းသာကြည်နူးမှုကို ပြည့်ဝစေခဲ့ပါတယ်။ ကယ်တင်ခြင်းဟာ ဇာခေးဦးအိမ်သို့ ရောက်ရှိခဲ့သလိုဘဲ ကနေ့မှာ ကိုယ်တော်ရှင်နဲ့အတူ မိတ်သဟာယဖွဲ့ခြင်းကို ဂုဏ်ပြုကျင်းပနေကြတဲ့ မိမိတို့ရဲ့အသိုင်းအဝန်း(မိသားစု)မှာလည်း ကယ်တင်ခြင်းဆုကျေးဇူးကို ရရှိခံစားနိုင်ပါတယ်။ ညီအစ်ကိုမောင်နှမအပေါင်းတို့၊ . . . သင်ဟာ အရပ်နိမ့်သည်ဖြစ်စေ၊ အရပ်မြင့်သည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ သစ်ပင်ပေါ်ရောက်ရှိနေသည်ဖြစ်စေ၊ ဖော်မဲ့တစ်ကိုယ်တည်းဘဝမှာ လဲကျနေသည်ဖြစ်စေ၊ . . ကိုယ်တော်ရှင် မပါဘူးဆိုရင် သင်ဟာ လမ်းစပျောက်နေလိမ့်မယ်။ ဒါပေမယ့် ကိုယ်တော်ရှင်က ကနေ့ (ယခု) ဘဲ ပျောက်ဆုံးနေသောသူတို့ကို ရှာဖွေ၍ ကယ်တင်ရန် ကြွလာလျက်ရှိပါကြောင်း . . . ။

Daily Reflection