သာမန်ကာလ (၃၁) ကြိမ်မြောက် သီတင်းပတ်
နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၂၊ စနေနေ့၊
(ရှင်လုကာ 16:9-15, ကက်သလစ်သမ္မာကျမ်းစာ CBCM)
By Fr. Saw Bosco
Posted by Sr. Sabina Hla Yee Win, ISR
“9. ငါသည်လည်း သင်တို့အား ဆိုသည်မှာ မတရားသောလောကီစည်းစိမ်အားဖြင့် မိတ်ဆွေများရအောင် ပြုကြလော့။ သို့မှသာ စည်းစိမ်ချမ်းသာတို့ ကုန်ဆုံးသည့်အခါ၌
ထိုမိတ်ဆွေတို့သည် သင်တို့အား ထာ၀ရတည်သောအိမ်တော်တွင် ကြိုဆိုလက်ခံကြ လိမ့်မည်။ 10. ငယ်သောအမှုကိစ္စ၌ သစ္စာရှိသောသူသည် ကြီးသောအမှုကိစ္စ၌လည်း သစ္စာရှိ၏။ ငယ်သောအမှုကိစ္စ၌ မရိုးသားသော သူသည် ကြီးသောအမှုကိစ္စ၌လည်း ရိုးသားဖြောင့်မတ်လိမ့်မည်မဟုတ်။ 11. သို့ဖြစ်၍ သင်တို့သည် မစင်ကြယ်သောဥစ္စာစည်းစိမ်၌ သစ္စာမရှိကြလျှင် မည်သူသည် စစ်မှန်သောဥစ္စာစည်းစိမ်ကိုသင်တို့၌ အပ်နှံထားမည်နည်း။ 12. သင်တို့သည် သူတစ်ပါး၏ ဥစ္စာပစ္စည်းအပေါ်၌ သစ္စာမရှိကြလျှင် မည်သူသည် သင်တို့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းကို သင်တို့အား ပေးအပ်မည်နည်း။ 13. မည်သည့်အစေခံမျှ သခင်နှစ်ပါး၏အစေကိုမခံနိုင်ပေ။ အကြောင်းမူကား သူသည် တစ်ပါးကိုမုန်း၍ တစ်ပါးကို ချစ်လိမ့်မည်။ တစ်ပါးကိုသစ္စာခံ၍ တစ်ပါးကို မထီမဲ့မြင်ပြုလိမ့်မည်။ သင်တို့ည် ဘုရားသခင်နှင့် လောကီစည်းစိမ် နှစ်ဘက်စလုံးကို အစေမခံနိုင်ဟု မိန့်တော်မူ၏။ 14. ငွေကိုမက်မောသော ဖာရီဇေးဦးတို့သည် ဤစကားများကိုကြားလျှင် ကိုယ်တော့်ကို ပြက်ရယ်ပြုကြ၏။ 15. သို့သော် ကိုယ်တော်က သူတို့အား မိန့်တော်မူသည်မှာ သင်တို့သည် လူတို့ရှေ့၌ သင်တို့ကိုယ်ကို ဖြောင့်မတ်ကြောင်း ဖော်ပြလိုကြ၏။...”
***ထောက်ရှုချက်*** "မည်သည့်အစေခံမျှ သခင်နှစ်ပါး၏အစေကိုမခံနိုင်ပေ။ အကြောင်းမူကား သူသည် တစ်ပါးကိုမုန်း၍ တစ်ပါးကို ချစ်လိမ့်မည်။"
- ဘုရားကိုအစေခံမှာလား လောကီစည်းစိမ်ကိုအစေခံမှာလား။
- ကောင်းကင်ဘဏ္ဍာကိုဆည်းပူးမှာလား လောကီဥစ္စာကိုရှာဖွေမှာလား။
“သင်တို့ပိုင်ဆိုင်သော အရာများကို ရောင်းချ၍ ပေးကမ်းစွန့်ကြဲကြလော့။ မဟောင်းမဆွေးနိုင်သော ပိုက်ဆံအိတ်များ ကိုလည်းကောင်း၊ သူခိုးလည်း မခိုးနိုင်၊ ပိုးလည်းမဖောက်နိုင်၊ ကုန်ခန်းခြင်းလည်း မရှိနိုင်သော ကောင်းကင်ဘဏ္ဍာကိုလည်းကောင်း ရှာဖွေစုဆောင်းကြလော့။-” (လုကာ 12:33, ကက်သလစ်သမ္မာကျမ်းစာ CBCM) ဂျူးလူမျိုး ရာဘီ ဆရာကြီးတွေပြော့လေ့ရှိတဲ့စကား - ချမ်းသာသူတွေကဆင်းရဲသူတွေကို ဒီလောကမှာကူညီတယ်။ ဆင်းရဲသူတွေက ချမ်းသာသူတွေကို ကောင်းကင်ဘုံမှာကူညီတယ်။ စိန့်အန်ဘရို့စ် ပြောခဲ့တဲ့စကား - ဆင်းရဲသားတွေရဲ့ရင်ခွင် မုဆိုးမ များရဲ့နေအိမ် ကလေးငယ်များရဲ့ပါစပ်ဟာ ထာဝရတည်မည့်စပါးကျီများဖြစ်ကြတယ်။
- အမြဲတည်မည့်ရတနာစစ်စစ်ဟာ ကောင်းကင်ဘုံမှာ သိုမှီးထားတဲ့ရတနာများသာဖြစ်ပါတယ်။ ဘုရားသခင်က လိုအပ်နေသူများအားနှလုံးသားထဲမှ ရက်ရောစွာပေးကမ်းသူများအား ဆုလဒ်များကိုကြွယ်ဝစွာပြန်ပေးပါတယ်။
- သဒ္ဓါရက်ရောခြင်းရဲ့ရန်သူက ဘာလဲ။ 14. "ငွေကိုမက်မောသော ဖာရီဇေးဦးတို့သည် ဤစကားများကိုကြားလျှင် ကိုယ်တော့်ကို ပြက်ရယ်ပြုကြ၏။" "လောဘ" လို့ခေါ်တဲ့ မိမိကိုယ်ကျိုးအတွက်နဲ့ လုံခြုံမှုအတွက် ရယူလိုစိတ်ပြင်းပြခြင်း ဖြစ်ပါတယ်။ ငွေကြေးဥစ္စာတက်မက်မောခြင်း ဖြစ်ပါတယ်။ ငွေကြေးတက်မက်သူ၊ လောဘကြီးသူများဟာ ဒီလောကမှာ မတရားမှုတွေ၊ ဒုစရိုက်အမှုတွေ အမျိုးမျိုး ကျူးလွတ်တတ်ကြပြီး၊ ထာဝရသေခြင်းလမ်းကိုရွေးချယ်နေသူများဖြစ်ပါတယ်။ ကျွန်ုပ်တို့ တွေလောကမှာနေထိုင်စဥ် မိမိတို့၌ရှိသာအရာများကို လိုအပ်နေသူများ၊ ချို့တဲ့နေသူများကို မျှဝေလှူဒါန်းရင်း ဘုရားရှင်ကိုအစေခံကြစို့၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းပူးကြပါစို့။