သာမန်ကာလ (၃၂) ကြိမ်မြောက် သီတင်းပတ်
နိုဝင်ဘာလ ၁၁ ရက်နေ့၊ ၂၀၂၂၊ သောကြာနေ့၊
(Saint Martin of Tours, Bishop)
(လုကာ 17:26-37, ကက်သလစ်သမ္မာကျမ်းစာ CBCM)
By Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR
“26. နောဧ၏လက်ထက်၌ ဖြစ်ပျက်ခဲ့သည့်အတိုင်းပင် လူသား၏နေ့ရက်များတွင်လည်း ဖြစ်လိမ့်မည်။27. နောဧသည် သင်္ဘောထဲသို့ဝင်ပြီးနောက် ရေလွှမ်းမိုးခြင်း ကျရောက်သဖြင့် လူအားလုံးသေကြေပျက်စီး ခဲ့ကြသည့်နေ့ရက်တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်း မြားပေးစားလျက် နေခဲ့ကြ၏။28. ထိုနည်းတူပင် လောတ၏လက်ထက်၌လည်း လူတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ တည်ဆောက် လျက်နေခဲ့ကြ ၏။ 29. သို့ရာတွင် လောတသည် ဆောဒိုမာမြို့မှ ထွက်ခွာသွားသောနေ့၌ ကောင်းကင်မှ မီးနှင့်ကန့်မိုးတို့ ရွာသွန်းသဖြင့် လူအားလုံး သေကြေပျက်စီးခဲ့ကြ၏။ 30. လူသားကို ထင်ရှားစေတော်မူမည့်နေ့တွင်လည်း ဤကဲ့သို့ဖြစ်လိမ့်မည်။ 31. ထိုနေ့၌ အိမ်ခေါင်မိုးပေါ်တွင် ရှိသောသူသည် အိမ်ထဲ၌ရှိသော မိမိပစ္စည်းဥစ္စာတို့ကိုယူခြင်းငှာ အောက်သို့မဆင်းလေနှင့်။ ထိုနည်းတူ လယ်ထဲ၌ရှိသော သူသည်လည်း အိမ်သို့မပြန်လေနှင့်။ 32. လောတ၏ဇနီးကို သတိရကြလော့။ 33. မိမိ၏အသက်ကို ကယ်တင်ရန် ကြိုးစားသောသူသည် အသက်ကိုဆုံးရှုံးလိမ့်မည်။ မိမိ၏အသက် ကိုဆုံးရှုံးသောသူသည် အသက်ကို ကယ်တင်နိုင်လိမ့်မည်။ 34. သင်တို့အား ငါဆိုသည်ကား ထိုည၌ အိပ်ရာတစ်ခုထဲတွင်ရှိနေသော လူနှစ်ယောက်အနက် တစ်ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ယောက်သည် ကျန်ရစ်လိမ့်မည်။ 35. ကြိတ်ဆုံအတူကြိတ်လျက်ရှိသော အမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ယောက်သည် ကျန်ရစ်လိမ့်မည်။ 36. လယ်ထဲ၌ရှိသောသူနှစ်ယောက်အနက် တစ်ယောက်သည် ခေါ်ဆောင်သွားခြင်း ခံရ၍ တစ်ယောက်သည် ကျန်ရစ် လိမ့်မည်ဟု မိန့်တော်မူ၏။ 37. တပည့်တော်တို့ကလည်း မည်သည့်အရပ်တွင် ထိုသို့ဖြစ်ပျက်ပါမည်နည်းဟု ကိုယ်တော်အား မေးလျှောက်ကြလျှင် ကိုယ်တော်က အသေကောင်ရှိရာအရပ်၌ လင်းတတို့သည် စုဝေးကြလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။”
***ထောက်ရှုချက်*** "နောဧ၏လက်ထက်၌ ဖြစ်ပျက်ခဲ့သည့်အတိုင်းပင်လူသား၏နေ့ရက်များတွင်လည်း ဖြစ်လိမ့်မည်။"လူတွေဟာ ဘုရားတရားမေ့ပြီးလောကီရေးရာတွေ၌သာ အာရုံများနေတတ်ကြတယ်။ဒါဟာပျက်စီးခြင်းရဲ့အစပါပဲ။နောဧကဘုရားရှင်ရဲ့စကားကိုနားထောင်ပြီး ပြင်ဆင်နိုင်ခဲ့တယ်။ပျက်စီးခြင်းဘေးမှ လွတ်မြောက်ခဲ့ပါတယ်။"လောတ၏ဇနီးကို သတိရကြလော့။"လောတရဲ့ဇနီးဟာ ကယ်တင်ခြင်းလမ်းဆီဘုရားရှင်ရဲ့ခေါ်ဆောင်ခြင်းကိုခံရသော်လည်းပျက်စီးခြင်းရဲ့မြို့ကိုသံယောဇဥ်မပျက်ခဲ့ဘူး။အဲ့ဒီစိတ်ထားက သူမကိုပျက်စီးခြင်းသို့ပို့ခဲ့တယ်။နောဧလို ဘုရားရှင်ရဲ့ စကားကိုနားထောင်ပြီးကယ်တင်ခြင်းကိုရွေကြပါရဲ့လား။လောတရဲ့ဇနီးလို မိမိအားပျက်စီးစေတဲ့အရာများအပေါ် သံယောဇဉ်မဖြတ်နိုင်ပဲဖြစ်နေပါသလား။
***********တူးဝါးမြို့မှ သူတော်စင် စိန့်မာတင် (Bishop) သူသည် ၃၁၆ ခုနှစ်ခန့်တွင် ရောမပြည်နယ် Pannonia (ခေတ်သစ်ဟန်ဂေရီအနောက်ခြမ်း) တွင်မွေးဖွားခဲ့ပြီး အီတလီနိုင်ငံ Pavia တွင် ပညာသင်ကြားခဲ့သည်။ သူသည် ဆေးကြောခြင်းမင်္ဂလာခံယူပြီး စစ်တပ်မှထွက်ကာ Ligurian ကမ်းလွန်ရှိ ကျွန်းတစ်ကျွန်းတွင် ရသေ့အဖြစ် အချိန်အတန်ကြာဆည်းပူးပြီးနောက် ပြင်သစ်အနောက်ပိုင်းရှိ Ligugé တွင် ဘုန်းတော်ကြီးကျောင်းတစ်ခုကို တည်ထောင်ခဲ့ပြီး St Hilary ၏ လမ်းညွှန်မှုဖြင့် ဘုန်းတော်ကြီးဘဝဖြင့် နေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဆရာတော် အဖြစ် ခန့်အပ်ခံရပြီး Tours ၏ ဆရာတော်ကြီး ဖြစ်လာခဲ့သည်။ သူသည် သူ၏လက်တွေ့ လုပ်ဆောင်ချက်များဖြင့်သိုးထိန်းကောင်းတစ်ဦးတွင်ရှိရမည့် အရည်အချင်းများကို စံပြကျင့်ကြံသွားခဲ့သူဖြစ်ပါသည်။ သူသည် ရသေ့ကျောင်းများကို တည်ထောင်ကာ ဘုန်းကြီးများအား ပညာပေးခဲ့သည်။ ဆင်းရဲသားတို့အား ဧဝံဂေလိတရား ဟောကြားခဲ့သည်။ ၃၉၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ စိန့်မာတင်၏ ကျော်ကြားသောအဖြစ်အပျက်မှာ အလွန်အေးချမ်းသောရာသီတွင် Amiens တွင် စစ်သားတစ်ဦးအဖြစ်ရှိနေစဉ် သူ၏စစ်ဝတ်လုံတစ်ဝက်ကို ခြုံစရာမရှိသော သူတောင်းစားအား ပေးခဲ့ပြီး နောက်ပိုင်းတွင် ၎င်းသူတောင်းစားမှာ ခရစ်တော်ဖြစ်နေတာကို သူ၏အိပ်မက်၌ မြင်မက်ခဲ့ပါသည်။ ဆင်းရဲသားတွေကိုလှူဒါန်းပေးကမ်းခြင်း၊ ကူညီပေးခြင်းဟာ ခရစ်တော်ကို ပြုခြင်းပင်ဖြစ်ကြောင်း သူနားလည်ကာ ကျင့်ကြံခဲ့ပါသည်။