(၃၃)ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့ (C)
တိုလီမုတ်စဩဝါဒ (လုကာ ၂၁:၅-၂၀)
ဖာသာရ် ဘယ်နယ်ဒီးနိုနဲနယ်
Posted by Sr. Sabina Hla Yee Win, ISR
ကနေ့ ဧဝံဂေလိကျမ်းစာမှာ ထယ်ဝါခမ်းနားလှတဲ့ ဗိမာန်တော်ကြီးပျက်စီးမယ့်အကြောင်းနဲ့ နောက်ဆုံးသောကာလ မရောက်ရှိမီ မြေကြီးပေါ်နဲ့ ကောင်းကင်၌ ကြောက်မက်ဖွယ်ရာနိမိတ်များနဲ့ ကြီးကျယ်တဲ့အမှတ်လက္ခဏာများဖြစ်ပေါ်မယ့်အကြောင်းကို ဖတ်ရှုကြရတယ်။ ဒီကျမ်းချက်ကို အခြေခံထားပြီး မကြာခဏဆိုသလို အချို့သောအစွန်းရောက်တရားဟောဆရာများနဲ့ မိမိကိုယ်ကို ပရောဖက်လို့ ကြွေးကြော်ထားသူများက သိပ်ကျပ်မပြည့်တဲ့ ယုံကြည်သူတွေကို အကြောက်တရားတွေအကြောင်း ဟောပြောသွန်သင်ခဲ့ကြတယ်။ သူတို့တွေရဲ့လှုံ့ဆော်သွေးဆောင်မှုကြောင့် ပညာမတတ်သူများသာမက ပညာတတ်များတွေပါ မိမိတိုရဲ့အသိဉာဏ်တွေကို သော့ပိတ်ပြီး ခွဲခြမ်းစိပ်ဖြာနိုင်စွမ်းကို ပြည်ဖုံးကားချလို့ စစ်မှန်တဲ့ယုံကြည်ခြင်းမှ လမ်းလွဲကိုသာ ရွေးချယ်သွားခဲ့ကြတယ်။ ဒါကြောင့်လည်း ခေတ်ဆန်တဲ့အကြမ်းဖက်သမားများ၊ တယူသန်တက်ကြွလှုပ်ရှားသူများ၊ အသေခံဗုံးခွဲတိုက်ခိုက်သူများ ပေါ်ထွက်လာခဲ့ကြတယ်။ ဘုရားပေးအသိဉာဏ်ကို ငြင်းဆန်ပြီး မိုးခါးရေသောက်တတ်ကြသူများကြားမှာ “ဘာသာရေးဟာ လုစုလူဝေးကြီးအတွက် မူးယစ်ဆေးပဲ” လို့ ကားလ်မာ့ခ်စ်ဆိုသူက ဆိုထားပါတယ်။ ဆိုတော့က လူတွေအတွက် အကြောက်တရားနဲ့ လောဘစိတ်တွေကို ကြီးထွားစေခဲ့ရင် အဲ့ဒီဘာသာရေးဟာ အတုအယောင်ဘာသာရေးနဲ့ ယင်းတရားဟောဆရာများတွေဟာ သန်းချီနောက်လိုက်တွေ ရှိကြသော်ငြား ပရောဖက်အတုတွေသာ ဖြစ်ကြတယ်။ သူတို့ရဲ့နောက်လိုက်တွေက အကြောက်တရားနဲ့ လောဘတရားကြောင့် ကျွဲနွားတိရိစ္ဆာန်တွေသာ ဖြစ်ကြတယ်။
ကနေ့ကျမ်းစာလာအကြောင်းအရာတွေကို ယေဇူးဘုရားရှင် မိန့်ကြားပေးတာဟာ မိမိတို့ကို ချိန်းခြောက်ဖို့လား။ လုံးဝမဟုတ်ပါ။ ကိုယ်တော်ရှင်ရဲ့ သတိပေးချက်ကို ဆက်လက်ဆင်ခြင်ကြည့်ပါ။ “သင်တို့သည် လှည့်ဖြားခြင်း မခံရစေရန် သတိပြုကြလော့။ အကြောင်းမူကား များစွာသောလူတို့သည် ငါ၏နာမ၌ လာကြ၍ ငါသည် ခရစ်တော်ဖြစ်၏။ ထိုအချိန်ကာလသည် နီးလာပြီဟု ဆိုကြလိမ့်မည်။ ထိုသူတို့၏နောက်သို့ မလိုက်ကြလေနှင့် . . (လု ၂၁:၈)” လို့ သတိပေးသွန်သင်တော်မူတယ်။ ယုံကြည်ခြင်းအတွက် သူ့ရဲ့တပည့်သာဝကတွေဟာ လူတွေရဲ့ ဖမ်းဆီးညှင်းဆဲမှုကို ခံရကြလိမ့်မယ်ဆိုတာ အမှန်ပဲ။ ဒါပေမယ့် ကိုယ်တော်ရှင်က ထိပ်လန့်ခြင်းမရှိကြဖို့ နှစ်သိမ့်ပြီး “သင်တို့၏ဦးခေါင်းမှ ဆံခြည်တစ်ပင်မျှ ပျက်ဆီးဆုံးရှုံးလိမ့်မည်မဟုတ်။ တည်ကြည်ခိုင်မာခြင်းအားဖြင့် သင်တို့သည် သင်တို့၏အသက်ကို ပိုင်ဆိုင်ကြလိမ့်မည် . . “ လို့ သူ့တပည့်များကို တိုက်တွန်းအားပေးခဲ့ပါတယ်။ ညှင်းပန်းနှိပ်စက်မှုနဲ့ သေခြင်းကြား တည်ကြည်ခိုင်မာစိတ် ရှိခြင်းဟာ ခရစ်တော်နဲ့ ခရစ်ယာန်ဝါဒရဲ့ထူးခြားချက်ပါပဲ။ ခရစ်တော်နဲ့ ခရစ်ယာန်အယူဝါဒရဲ့နာမတော်၌ အကြောက်တရားအကြောင်း ဟောပြောသွန်သင်ကြသူများဟာ ရဟန်းမင်းကြီးဖရန်းစစ်အရှင်မြတ် မိန့်ကြားတဲ့ ဧဝံဂေလိရဲ့ ဝမ်းမြောက်ခြင်းသတင်းကောင်း (joy of the Gospel)ကို ဟောပြောသူများ မဖြစ်နိုင်ကြပါ။ ၎င်းတို့က ဓမ္မဟောင်းကာလထဲမှာသာ နေထိုင်ကြသူများဖြစ်ပြီး ခရစ်တော်ရှင်မသိသော ဆန်းကြယ်တဲ့ ဝါဒကို သွန်သင်နေကြသူများသာ ဖြစ်တယ်။ ကမ္ဘာကုန်ဆုံးရမယ်အချိန်နဲ့ပတ်သက်ရင် ကိုယ်တော်ရှင်က “ထိုနေ့ရက်နှင့် အချိန်နာရီကိုမူကား ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ကောင်းကင်တမန်တော်များပင် မသိကြ။ သားတော်လည်း မသိချေ၊ . . (မာကု ၁၃:၃၂)” လို့သာ လေးနက်ပြတ်သားစွာ မိန့်ဆိုထားပေးတယ်။ ဆိုတော့က မကြာခင်ကမ္ဘာလောကကြီး ပျက်သုန်းပျောက်ဆုံးတော့မယ့်အကြောင်း ဟောကြာသွန်သင်နေကြသူများကို ကြုံခဲ့ရင် သူတို့ကိုယ်တိုင်မှာ ပြသာနာရှိလို့သာ သုံးသပ်နိုင်ပါတယ်။ အရေးကြီးဆုံးကတော့ မိမိတို့အားလုံး ဗိမာန်တော်ဆိုတဲ့ ရုပ်ဝတ္တုထက် ယေဇူးခရစ်တော်ရှင်အပေါ် ယုံကြည်ကိုးစားစိတ်၊ ကိုယ်တော်ရှင်ရဲ့ စောင့်ရှောက်ပဲ့ပြင်မှုအပေါ် မျှော်လင့်ခြင်းစိတ်နဲ့ စုံစမ်းနှောက်ယှက်မှုတွေကြားမှာ တည်ကြည်ခိုင်မာတဲ့စိတ်တွေ ပြည့်ဝရှင်သန်ကြပါမယ်။ သို့မှသာ ကယ်တင်ခြင်းဆုလာဒ်ကို ထိုက်တန်စွာ ရရှိပိုင်ဆိုင်နိုင်ကြပါလိမ့်မယ်။