နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၂၊ တနင်္လာနေ့၊
သာမန်ကာလ (၃၃) ကြိမ်မြောက် သီတင်းပတ်
( Saint Albert the Great, Bishop, Doctor)
By Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR
ဒီ့ဟာ ရဟန္တာသူတော်မြတ် စိန့်အဲလ်ဘက်ရဲ့ပွဲနေ့ဖြစ်ပါတယ်။ သူဟာ ဂျာမဏီနိုင်ငံသားဖြစ်ပါတယ်။ ၁၂၀၆ မှ မွေးဖွားခဲ့တယ် ပါဒူဝါနဲ့ ပဲရစ် မြို့တွေမှာ ပညာဆည်းပူးခဲ့တယ်။ ဒေါ်နစ်ကန် အသင်းဂိုဏ်းကိုဝင်ခဲ့တယ်။ ပဲရစ် တက္ကသိုလ်မှာ ကျောင်းဆရာလုပ် ခဲ့ပါတယ်။ စိန့်သောမတ် အကွိုင်းနက်က သူ့ရဲ့တပည့်တစ်ဦးဖြစ်ပါတယ်။ သူဟာကြီးကြယ်ခမ်းနားတဲ့ အတွေးအခေါ်ပညာရှင်ကြီးတစ်ဦးဖြစ်ခဲ့ပါတယ်။ ၁၂၆၀ မှာ ဆရာတော်တစ်ပါး ဖြစ်လာခဲ့တယ်။ လူတွေကြား၊ မြို့များကြားမှာ ငြိမ်ချမ်းရေးရဖို့ အပြင်းအထန်ကြိုးစားခဲ့တယ်။ သာသနာကပေးတဲ့ ပညာရှင် ဒေါက်တာဘွဲရရှိခဲ့ပါတယ်။ ၁၂၈၀ ခုနှစ်မှာ ငြိမ်းချမ်းစွာ အိပ်စက်အနားယူသွားခဲ့ပါတယ်။
****** ဧဝံဂေလိကျမ်း (လုကာ 18:35-43, ကက်သလစ်သမ္မာကျမ်းစာ CBCM)
“35. ကိုယ်တော်သည် ဂျေရီခိုမြို့အနီးသို့ ရောက်တော်မူသောအခါ မျက်မမြင်တစ်ဦးသည် လမ်းဘေးတွင်ထိုင်၍ တောင်းစားလျက်နေ၏။ 36. ထိုသူသည် လူအစုအဝေးတို့ ဖြတ်သွားကြသော အသံကိုကြားလျှင် ဖြစ်ပျက်နေသည့်အကြောင်းအရာကို မေးမြန်းလေ၏။ 37. သူတို့ကလည်း နာဇရက်မြို့သား ယေဇူးကြွလာသည်ဟု သူ့အား ပြောကြ၏။ 38. ထိုအခါ သူက ဒါဝိဒ်၏သားတော်ယေဇူး၊ အကျွန်ုပ်ကို သနားတော်မူပါဟု အော်ဟစ်လေ၏။ 39. ရှေ့မှသွားနေ ကြသောသူတို့သည်လည်း ထိုသူကို တိတ်ဆိတ်စွာနေရန် ကြိမ်းမောင်းပြောဆိုကြသော်လည်းသူက ဒါဝိဒ်၏ သားတော်ယေဇူး၊ အကျွန်ုပ်ကို သနားတော်မူပါဟု ပို၍ ကျယ်လောင်စွာ အော်ဟစ်လေ၏။
40. ယေဇူးသည်လည်း ရပ်၍ ထိုသူ့ကို အထံတော်သို့ ခေါ်ဆောင်လာစေရန် အမိန့်ပေးတော်မူ၏။ ထိုသူသည် အနီးသို့ ရောက်လာသောအခါ၊ 41. ကိုယ်တော်က ငါ့အား သင့်အတွက် မည်သည့်အရာကိုပြုစေလိုသနည်းဟု သူ့အားမေးတော်မူလျှင် သူက သခင်၊ အကျွန်ုပ် မျက်စိပြန်မြင်လိုပါသည်ဟု လျှောက်လေ၏။ 42. ထိုအခါ ယေဇူးက သင်၏ မျက်စိအလင်းကို ခံယူလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်လေပြီဟု သူ့အား မိန့်တော်မူ၏။ 43. ထိုအခါ သူသည် ချက်ချင်းမျက်စိပြန်မြင်သဖြင့် ဘုရားသခင်ကို ချီးမွမ်းလျက် နောက်တော်သို့လိုက်လေ၏။ လူအပေါင်း တို့သည်လည်း ဤအဖြစ်အပျက်ကို မြင်ကြသောအခါ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြ၏။”
***ထောက်ရှုချက် *** "ထိုအခါ သူက ဒါဝိဒ်၏သားတော်ယေဇူး၊ အကျွန်ုပ်ကို သနားတော်မူပါဟု အော်ဟစ်လေ၏။"(လုကာ 18:38) တထူးတခြားကျေးဇူးတော်ခံစားရမည့်အချိန်တွေ၊ တစ်သက်မှတစ်ခါပဲရနိုင်မည့် အခွင့်အရေးတွေ ကျွန်ုပ်တိုအနီးမှဖြတ်သန်းသွားတာကိုတွေကြုံခဲ့ဖူးပါသလား။ ဒီလိုအခြေအနေမျိုးကို ယနေ့ကျမ်းစာမှ မျက်မမြင်တစ်ဦးဟာ တွေကြုံခဲ့ပါတယ်။ ရှင်မာကုကျမ်း 10: 46-52 မှာတော့ ဒီမျက်မမြင်ရဲ့အမည်ကိုဘာတီမေဦး လို့ဖော်ပြထားပါတယ်။ မိမိရဲ့အပ်ချက်ကို ဖြည့်ဆည့်ပေးနိုင်မည့်တစ်ဦးတည်းသောသူကိုတွေဆိုခွင့်ရဖို့ မျက်မမြင်လေး အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ တစ်ခုတည်းသော အခွင့်အရေးဖြစ်တဲ့အတွက် အမိအရဆုပ်ကိုင်နိုင်ဖို့ ကြိုးစားခဲ့ရတာပါ။ ယေဇူးသခင်က သူ့ကိုကုသနိုင်တယ်ဆိုတာကို သူသိနေတာကိုတော့ ကျွန်ုပ်တို့ နားလည်းနိုင်ကြပါတယ်။ ကြွလာမည့် မက်ဆီးယ သခင်နဲ့ဆိုင်တဲ့ခေါင်းစဥ်ဖြစ်တဲ့ ဒါဝိဒ်ရဲ့သားတော်ဆိုတာကို သူဘယ်လိုသိပါသလဲ။ ကာယမျက်စီမမြင်ရပေမယ့်၊ ယုံကြည်ခြင်းမျက်စိ တောက်ပနေခဲ့တဲ့ ဘာတီမေဦးကို ယေဇူးသခင် ဆုချခဲ့ပါတယ်။ ကျွန်ုပ်တို့တွေ မိမိအနားမှဖြတ်သန်းသွားတဲ့ တစ်သက်မှတခါသာ ရနိုင်မည့်အခွင့်အရေးများကို အမိအရဆုတ်ကိုင်နိုင်ခဲ့ပါရဲ့လား။
ကျွန်ုပ်တို့ ပုသိမ်ဆရာတော်ကြီး ဂျွန်ုမန်းဆိန်းဟှီအမြဲပြောလေ့ရှိတယ်၊ "ကျွ န်ုပ်၏အနီးမှ ဖြတ်သန်းသွားပြီးနောက်ပြန်လှည့်မလာမည့် ယေဇူးကိုငါကြောက်၏။" ယေဇူးခရစ်တော်ကို သိမြင်ယုံကြည်ခွင့်ရတာဟာ ကျွန်ုပ်တို့ အတွက် အကြီးမားဆုံး ကျေးဇူးတော်အခွင့်အရေးပါပဲ။ ယေဇူးခရစ်တော်ကိုမိမိဘဝထဲမှာ စွဲမြဲစွာဖက်တွယ်ပြီး
ကိုယ်တော်၏ ကုသခြင်း၊ ကိုယ်တော်၏ လမ်းပြခြင်း၊ ကိုယ်တော်၏ ကောင်းချီးဆုကျေးဇူးများကိုခံယူကာ နောက်ဆုံးနေ့၌ ထာဝရအသက်ပိုင်ဆိုင်နိုင့်ဖို့၊ ကြိုးစားကြပါစို့။