ခရစ်တော်ဘုရင်ပွဲတော်နေ့ကြီး
ဒီကနေ့ဟာ ကက်သလစ်သာသနာတော်ကြီးတစ်ခုလုံးအတွက် ဘုရင်တကာ့ဘုရင် ယေဇူးခရစ်တော်ဘုရားရှင်ရဲ့ပွဲနေ့ ဖြစ်တယ်။၁၉၂၅ ခုနှစ်ကစလို့ ရဟန်းမင်းကြီးပီဦး(၁၁)က ဒီပွဲတော်ကြီးကိုကျင်းပဖို့ သတ်မှတ်ပေးခဲ့တယ်။ ကနေ့ဧဝံဂေလိကျမ်းမှာ လက်ဝါးကပ်တိုင် တင်ခံရသူနှစ်ဦးထဲမှ တစ်ဦးက “အိုယေဇူး၊ ကိုယ်တော်၏ နိုင်ငံတော်သို့ ကြွဝင်သောအခါ အကျွန်ုပ်ကို သတိရတော်မူပါ”လို့ လျှောက်တဲ့အခါ “ယနေ့သင်သည် ငါနှင့်အတူ ပါရာဒီးဇူး၌ ရှိလိမ့်မည်”လို့ သူ့ကို ပြန်လည်မိန့်ကြားတော်မူခဲ့တယ်။ ဒီကျမ်းပိုဒ်အားဖြင့် ကိုယ်တော်ရှင်ဟာ လူသားတိုင်းကို ချစ်ကြင်နာပြီး သူ့အသွေးတော်အားဖြင့် အပြစ်မှ ရွေးနူတ်ကယ်တင်ကာ သူ့နိုင်ငံတော်မှာ ဝင်ရောက်စံစားကြဖို့ အလိုရှိတော်မူကြောင်း နှလုံးသွင်းဆင်ခြင်နိုင်ပါတယ်။ ချစ်ခြင်းအားဖြင့် ယေဇူးခရစ်တော်က ရှင်ဘုရင်တစ်ပါး အမှန်ဖြစ်ကြောင်းကိုလည်း ထင်ရှားဖော်ပြပေးနေတယ်။
ယေဇူးဘုရင်ရဲ့ ချစ်ခြင်းမေတ္တာဟာ ခမည်းတော်ဘုရားနဲ့ မိတ်သဟာယဖွဲ့ခြင်းမှာ တည်ရှိလို့နေတယ်။ ကိုယ်တော်ဟာ ခမည်းတော်ဘုရားရဲ့ သားတော်ဖြစ်သလို လူသားအားလုံးတို့သည်လည်း ဘုရားရှင်ရဲ့ သားသမီးများဖြစ်ကြလို့ မိမိကိုယ်တော်ရှင်ရဲ့ ညီအစ်ကို မောင်နှမများအဖြစ် ရှုမြင်ချစ်ခင်တော်မူတယ်။ ဒါကြောင့် လူတွေကို ချစ်လွန်းလို့ လူသားအပေါင်းတို့ရဲ့ကယ်တင်ခြင်းအတွက် မိမိရဲ့အသက်တော်ကို စွန့်တော်မူခဲ့တယ်။သူ့အချစ်က အမြဲတမ်း ဦးစွာကမ်းလှမ်းမှု ပြုလေ့ရှိတယ်။ ယေဇူးရှင်ဟာ မြစ်ကမ်းနားတစ်လျောက် လျှောက်လှမ်းနေစဉ် မိမိနောက်တော်ကို လိုက်လာကြတဲ့သူနှစ်ယောက်ကို လှည့်ကြည့်ပြီး ဖိတ်ခေါ်ခဲ့တယ်။ ယာကုပ်ရေတွင်းအနီးမှာ ရေခပ်လာသူ ဆမာရိယအမျိုးသမီးကို ကိုယ်တော်က စတင်မိတ်ဖွဲ့ပြီး ဆွေးနွေးရှင်းပြရာက သူမရဲ့ဘဝကို ကြီးမားစွာပြောင်းလဲစေခဲ့တယ်။ အခွန်ခံသူအကြီးအကဲဇာခေးဦးက ကိုယ်တော်ကို စပ်စုရုံသာ သွားလေ့လောကြည့်တဲ့အခါ ကိုယ်တော်ရှင်ကသူ့ကို“သင့်ရဲ့အိမ်၌ ယနေ့ ငါတည်းခိုမည်” လို့ စတင်ကမ်းလှမ်းခဲ့တယ်။ကိုယ်တော်ရှင်က ချစ်ခြင်းမေတ္တာဖြစ်ပြီး လူများစွာထံ ကြင်နာစာနာစွာ ပျံ့နှံ့စီဆင်းလျက် ရှိတယ်။ နာအိမ်မြို့က မုဆိုးမတစ်ဦးရဲ့ တစ်ဦးတည်းသောသားကို သင်္ဂြိုလ်ဖို့ ထုတ်ဆောင်လာကြတဲ့အခါ ငိုကြွေးနေရှာသူ မိခင်မုဆိုးမအပေါ် အာရုံရောက်ပြီး သနားကရုဏာစိတ်နဲ့ သူမရဲ့သေပြီးတဲ့သားကို ပြန်ရှင်စေခဲ့တယ်။ ဗိမာန်တော်ရှေ့ ရောက်ရှိနေတဲ့ကိုယ်တော်ဟာ ဗိမာန်တော်ကြီးရဲ့ ထယ်ဝါခန်းနားမှုထက် ကြေးနီပြးနှစ်ပြားကို ဆင်းရဲနွမ်းပါးတဲ့အတဲ့က လှူဒါန်းခဲ့တဲ့ မုဆိုးမကသာ သူ့အာရုံကို ဖမ်းဆုပ်နိုင်ခဲ့တယ်။ များပြားတဲ့ လူအစုအဝေးကို မြင်တဲ့အခါ သူတို့အပေါ် ကရုဏာသက်ခဲ့ပါတယ်။ အိမ်ထောက်ရေး ဖောက်ပြန်တဲ့ မိန်းမတစ်ဦးရဲ့ အပြစ်ကိုမရှာဘဲ သူမရဲ့အဖြစ်ကို စာနာလို့ ကူညီကယ်တင်ပေးခဲ့တယ်။ သွေးသွန်နာစွဲတဲ့ မိန်းမ၊ ငြင်းပယ်ခံရကြတဲ့ အနာကြီးရောဂါသည်များ၊ကလေးသူငယ်များအပေါ်မှာလည်း နားလည်လက်ခံပေးခဲ့တယ်။ ယေဇူးဘုရင်ရဲ့ ရိုးစင်းတဲ့ဗျူဟာက ‘ငါ့ရဲ့ချစ်ခြင်းကို မြည်းစမ်းခံစားကြည့်ပါ။သင့်အတွက် အကျိုးကျေးဇူးက ကြီးမားလိမ်မယ်။’ လူ့ရဲ့အချစ်က ‘ သောကြောင့်’ နဲ့ ဆုံးဖြတ်ပြီး ကိုယ်တော်ရှင်က မေတ္တာက ‘သော်လည်း ‘ နဲ့ သုံးသပ်တယ်။ယေဇူးသခင်ကို မိမိတို့ နှလုံးသားမှာ ပလ္လင်တင်ခဲ့ရင် လူတွေကို မိမိရဲ့ ညီအစ်ကိုမောင်နှမများအဖြစ် မြင်နိုင်ပြီး ကြည်ညိုအစေခံနိုင်ပါလိမ့်မယ်။ စစ်မှန်တဲ့မေတ္တာက လူတွေရဲ့နှလုံးသားများကို ရိုက်ခတ်လှုံဆော်နိုင်မယ်။ကမ္ဘာလောကြီးကို ပြုပြင်ပြောင်းလဲပေးနိုင်မယ်။ ရွှေနိုင်ငံတော်ကို လူးသားတွေအလယ်မှာ ဆောင်းကြဉ်းပေးနိုင်ပါလိမ့်မယ်။