ကျွန်ုပ်တို့ဘဝအသက်တာ၌ သခင်ခရစ်တော်ကို ပုံတုယူခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်သည်။ နေ့စဉ်လူမှု့အသက်တာတွင် မိသားစုအရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး စသည်စသည်ဖြင့် ကျွန်ုပ်တို့ကြုံတွေ့ ဖြတ်သန်းနေကြရသည်။ ယနေ့ကျမ်းစာတော်မြတ်ထဲ၌လည်း ခရစ်တော်ယေဇူးသည် နတ်ဆိုးများနှင်ထုတ်ခြင်း၊ လူနာများကို ကုသပေးခြင်း၊ သတင်းကောင်းကို ဟောကြားခြင်း၊ မိတ်ဆွေများအိမ်သို့သွားကာ အားပေးနှစ်သိမ့်ခြင်းများဖြင့် နေ့စဉ်မအားလပ်အောင် ရှိနေရသည်။ ထိုသို့အများအကျိုးဆောင်နေသော ၊ လိုအပ်နေသူတို့အား ကူညီပေးနေသော ကိုယ်တော်သည် မည်မျှပင်အလုပ်ရှုပ်၊ ပင်ပန်းနေစေကာမူ နံနက်စောစောထ၍ လူသူကင်းဝေးသောအရပ်၌ ဆုတောင်းတော်မူပေသည်။ ဆုတောင်းခြင်း၌ မပျက်ကွက်၊ လုပ်ဆောင်ရမည့်ဝတ္တရားများကိုလည်း မလစ်ဟင်းအောင် ပြုမှုနေထိုင်သွားခြင်းဖြင့် ကျွန်ုပ်တို့အား စံနမူနာကောင်းများ ပြသခဲ့သည်။ အလုပ်လုပ်ရန်လိုအပ်သလို ဆုတောင်းဖို့ရန်၊ အနားယူဖို့ရန်လည်း လိုအပ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့နေ့စဉ်အသက်တာ၌ ထိုအရာများကို ဟန်ချက်ညီအောင် လုပ်ဆောင်သွားရန် လိုပေသည်။ သခင်ခရစ်တော်သည် ဒုက္ခစရိယာခံတော်မမူမီ သံလွင်ဥယျာဉ်တွင် ဆုတောင်းတော်မူခဲ့သည်။ ခမည်းတော်ဘုရားနှင့် ပေါင်းစပ်ပြီး လူသားများကို ချစ်ခြင်းကြောင့် ကားတိုင်လမ်းကို အဆုံးထိလျှောက်နိုင်ပြီး ရဲဝံ့စွာအသေခံ၍ ပြန်ရှင်ထမြောက်သော ခရစ်တော်အဖြစ် ဘုရား၏ဘုန်းဂုဏ်တော် ထွန်းတောက်နေခြင်းဖြစ်သည်။ ထို့ကြောင့် ဆုတောင်းပြီး ပြုလုပ်သောအလုပ်တစ်ခုသည် ဘုရား၏ကောင်းကြီးတော်များ ပြည့်ဝနေသည့်အပြင် အခက်အခဲများနှင့် ကြုံလာပါကလည်း ရင်ဆိုင်ကျော်လွှားရန် ခွန်အားများပိုမိုရရှိမှာ အမှန်ပင်ဖြစ်ပါသည်။
အိုဘုရားသခင် တပည့်တော်တို့သည် ကိုယ်တော့်ကို အစဉ်အမြဲအတုယူနိုင်ရန် ကျေးဇူးများပေးတော်မူပါ။ အာမင်။
ခရစ်တော်၏အလင်းကျေးဇူးတော်၌
#စစ္စတာရ် ဂျုန်းငယ်ငယ်(SFX)