နိုဝင်ဘာလ ၂၁ ရက်(တနင်္လာနေ့)
ရှင်လုကာ ၂၁ : ၁ - ၄
စစ္စတာရ် ထရေးဇာမုဏ်း
Posted by Sr. Sabina Hla Yee Win, ISR
“၁။ ကိုယ်တော်သည် လှမ်း၍ကြည့်လျှင် ဥစ္စာကြွယ်၀ချမ်းသာသော သူတို့သည် မိမိတို့၏အလှူငွေများကို ဘဏ္ဍာတော် သေတ္တာထဲသို့ ထည့်နေကြသည်ကို မြင်တော်မူ၏။ ၂။ ဆင်းရဲသော မုဆိုးမတစ်ယောက်သည်လည်း ကြေးနီပြားနှစ်ပြားထည့်နေသည်ကို ကိုယ်တော်မြင်တော်မူ၏။ ၃။ ကိုယ်တော်က သင်တို့အား ငါအမှန်ဆိုသည်ကား ဤဆင်းရဲသောမုဆိုးမသည် အခြားသူအားလုံးတို့ထက် ပို၍အလှူငွေ ထည့်ဝင်လေပြီ။ ၄။ အကြောင်းမူကား ထိုသူအားလုံးတို့သည် မိမိတို့၌ ပိုလျှံသောငွေထဲမှ အလှူထည့်ဝင်ကြ၏။ သူမမူကား ဆင်းရဲနွမ်းပါးသည့်အထဲမှ မိမိအသက်မွေးစရာရှိသမျှကို လှူဒါန်းလေပြီဟု မိန့်တော်မူ၏။”
***ထောက်ရှုချက်*** ဂရုစိုက်တတ်သူသည် နှုတ်မှထုတ်ဖေါ်ပြောပြရန်ပင် မလိုဘဲ အခြားသူများ၏ အရိပ်အခြေကိုကြည့်ကာ အလိုက်တသိဖြည့်ဆည်းပေးတတ်ပါသည်။ခံစားတတ်သောနှလုံးသားရှိသူသည်ကိုယ်ချင်းစာတတ်သည့်တရားများဖြင့် နီးစပ်သူများကို အသိအမှတ်ပြုခြင်း၊ နားထောင်ပေးခြင်း၊ ဖေးမကူညီပေးခြင်းများ ရှိတတ်ကြပေသည်။ထိုသို့သောသူများရှိနေသော ဝန်းကျင်သည် ရောင့်ရဲတင်းတိမ်ခြင်းများနှင့် အေးချမ်းပျော်ရွှင်ခြင်းများဖြင့်ဘဝသည် နေပျော်ဖွယ်ဖြစ်နေပေမည်။
ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် ဘဏ္ဍာတော် သေတ္တာထဲသို့ အလှူငွေထည့်နေကြသောသူများတို့၏ထည့်ဝင်မှုများ၌ မုဆိုးမ၏ရှိသည့်ပိုက်ဆံနှင့် ရက်ရောစွာပေးဆက်မှုကို သတိမူမိကာ သူမ၏စိတ်စေတနာကို အသိအမှတ်ပြု ချီးမွမ်းသည့်အကြောင်း နှုတ်မြွက်ထားပါသည်။ လူအပေါင်းတို့ကို ဂရုစိုက်၍ တစ်ဦးစီ၏ဖြစ်တည်မှုကို သိမှတ်တော်မူသောသခင်သည် ယနေ့ ကျွန်ုပ်တို့၏နာကျင်၊ ကြေကွဲ၊ ထိတ်လန့်၊ နာကြည်းမှုများနှင့် ကူကယ်ရာမဲ့ဖြစ်နေခြင်းကို ကြေကွဲသောနှလုံးသားနှင့် ကြည့်မြင်တော်မူပါသည်။ သားမဲ့သွားသော မိခင်များ၏ ပူဆွေးငိုကြွေးခြင်း၌ ကိုယ်တော်ရှင်အားပေးနှစ်သိမ့် တော်မူပါသည်။ အရာရာဆုံးရှုံးသွားရသောကျွန်ုပ်တို့အတွက် တရားမျှတခြင်းကို ကိုယ်တော်ဆောင်ကြဉ်းပေးမည် ဖြစ်သည်။