ကောင်းကင်နိုင်ငံတော်ဆိုသည်မှာ သန့်ရှင်းသူတို့၏ စုဝေးရာနေရာဖြစ်သည်။ အပြစ်ရှိသူမည်သူမဆို ဝင်ရောက်ခွင့်မရှိပေ။
သခင်ခရစ်တော်ဘုရားသည် အရာရာကို တတ်စွမ်းနိုင်ပြီး ဝေဒနာရောဂါများကို ကုသပေးနိုင်သည့် အကောင်းဆုံး ဆေးသမားတော် ဖြစ်ပါသည်။ ယနေ့သမ္မာကျမ်းစာတွင် သခင်ခရစ်တော်မှ အနာကြီးရောဂါသည်တစ်ဦးအား တို့ထိ၍ ရောဂါကို ပျောက်ကင်းစေတော်မူခဲ့ကြောင်း ဖတ်ရှုရပါသည်။
ကျွန်ုပ်တို့လူသားများသည်လည်း အနည်းနှင့်အများဆိုသလို အားနည်းချက်၊ အပြစ်အနာအဆာများ ရှိပါသည်။ အနာရှိသူတစ်ဦးသည် ထိုအနာကြောင့် သူကိုယ်တိုင် နာကျင်ခံစားရသလို သွားလာလှုပ်ရှားမှု၌ ပုံမှန်မဟုတ်၊ ဟန်ချက်မညီ ဖြစ်ရသည်။ ထို့ပြင် လူအများနှင့် ရောနှောမနေနိုင်ဘဲ ပတ်ဝန်းကျင်ကို မကောင်းသောအနံ့အသက် ဖြစ်စေပြီး ရွံရှာဖွယ်ဖြစ်စေသည်။ ထိုအနာကို အချိန်မီမကုသပါက တဖြည်းဖြည်းလှိုက်စားပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်စေကာ အသက်ပင်ဆုံးနိုင်သည်။
အနာအဆာနှင့်ခိုင်းနှိုင်းထားသော ကျွန်ုပ်တို့အပြစ်များသည်လည်း မိမိနှင့်ပတ်ဝန်းကျင်ကို ကောင်းကျိုးမပေးသည့်အပြင် ဝိညာဉ်ကိုပါ ဆုံးရှုံးစေနိုင်သည်။ ထို့ကြောင့် နူနာစွဲသူကဲ့သို့ ပျောက်ကင်းလိုသော စိတ်ဆန္ဒပြင်းပြစွာဖြင့် ခရစ်တော်ထံ နှိမ့်ချစွာ ခိုလှုံချဉ်းကပ်၍ သန့်ရှင်းခြင်း၊ ကုသခြင်းခံယူလျှင် ကယ်တင်ခြင်း ခံကြရမည်မှာ မလွဲပေ။ အာပတ်ဖြေခြင်းစက္ကမင်တူးကို မကြာခဏခံယူရင်း နောက်ဆုံးသောနေ့၌ သန့်ရှင်းသူတို့စုဝေးရာ ကောင်းကင်ရွှေပြည်တော်ဝယ် ကိုယ်တော်၏ရွှေမျက်နှာတော်ကို ဖူးမြင်နိုင်ရန် ယခုမှစ၍ ပြင်ဆင်ကြပါစို့။
အိုဘုရားသခင်၊ တပည့်တော်တို့၏ စိတ်ဝိညာဉ်၌ စွဲကပ်နေသော အပြစ်အနာအဆာများကို ကိုယ်တော်၏သနားခြင်းလက်တော်ဖြင့် သန့်ရှင်းစေတော်မူပါဘုရား။ အာမင်။
ခရစ်တော်၏အလင်းကျေးဇူးတော်၌
#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)