“ငါ့သား သင်၏အပြစ်များ ခွင့်လွှတ်ခြင်းခံရပြီ။” (Mk 2:5)
“လိုလျှင်ကြံဆ နည်းလမ်းရ” ဆိုတဲ့စကားပုံလေးကို မကြာခဏ ကြားဖူးပါတယ်။ ဆိုလိုတာကတော့ ခက်ခဲနေတဲ့အရာတစ်ခုကို ဖြစ်မြောက်အောင်မြင်ချင်ရင် ဖြစ်နိုင်မဲ့အရာတွေကို ကြံစည်တွေးတော ရှာဖွေရင်း နည်းလမ်းကောင်း တစ်ခုမဟုတ်တစ်ခုတော့ ရနိုင်တယ်လို့ ခွန်အားပေးထားတဲ့ စကားလေးပဲဖြစ်ပါတယ်။
ယနေ့ လေဖြတ်နေတဲ့ရောဂါသည်ကို သခင်ယေဇူးထံ ကုသခြင်းခံယူစေဖို့ လူတစ်ချို့ဟာ အိမ်ခေါင်မိုးကို ဖောက်ပြီး ထိုသူ၏အိပ်ယာကို သခင်ခရစ်တော်ထံ လျှောချကြတယ်။ ဒီလိုနည်းလမ်းကို လူတိုင်းစဉ်းစားမိမှာတော့ မဟုတ်ပါဘူး။ ဒီလို ခေါင်မိုးကို အပေါက်ဖောက်ပြီး လျှောချဖို့ဆိုတာကလည်း တော်တော်ခက်ခဲမည့်အလုပ် ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ကြိုးစားမှု၊ အားထုတ်မှု၊ စွန့်စားမှုနဲ့ ပျောက်ကင်းလိုတဲ့ဆန္ဒတွေကြောင့် လေဖြတ်နေတဲ့လူနာဟာ လျှင်မြန်စွာကုသမှုကို ခံယူခဲ့ရပြီး ရောဂါပျောက်ကင်းခဲ့ရပါတယ်။
လူ့အသက်တာမှာလည်း ဝိညာဉ်ရေးတိုးတက်ဖို့၊ စားဝတ်နေရေး ပြေလည်ဖို့ စသည်ဖြင့် ကြိုးစားကြတဲ့အခါမှာ အောင်မြင်မှုရှိသလို ကျဆုံးမှုတွေနဲ့လည်း ရင်ဆိုင်ရမှာ မလွဲဧကန်ဖြစ်ပါတယ်။ ဒီအခါမှာ စိတ်ပျက်အားလျော့ခြင်းတွေ မရှိဘဲ တိုးတက်အောင်မြင်ဖို့ကို အမြဲတွေးပြီး တစိုက်မတ်မတ် ကြိုးစားကြမယ်ဆိုရင် ပန်းတိုင်က တစ်နေ့ထက်တစ်နေ့ နီးကပ်လာမှာပါ။ “ဆန္ဒရှိလျှင် နည်းလမ်းရှိတယ်။” ဆိုတဲ့စကားအတိုင်း ကြိုးစားရင် နည်လမ်းတစ်ခုခုတော့ တွေ့မှာမလွဲပါဘူး။ သခင်ခရစ်တော်က ကြိုးစားခြင်းကို အသိအမှတ်ပြုတဲ့ ဘုရားဖြစ်ပါတယ်။
အိုဘုရားသခင် ကိုယ်တော်၏ချစ်ခြင်းကို မြင်တွေ့ခံစားနိုင်စေရန် တပည့်တော်တို့၌ အလင်းကျေးဇူးကို ပေးတော်မူပါဘုရား။ အာမင်။
ခရစ်တော်၏အလင်းကျေးဇူးတော်၌
#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)